စည်ပင်သာယာ နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့မ(ယာယီ)ဈေးရှိ ဈေးသူ ဈေးသားများအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ

စည်ပင်သာယာ နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့မ(ယာယီ)ဈေးရှိ ဈေးသူ ဈေးသားများအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ
ဖေဖော်ဝါရီ 21, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် ဆန်ဆိုင်း(က)ရပ်ကွက်တွင် ယာယီဈေးအဖြစ် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် တာချီလိတ်မြို့မဈေးအတွင်း တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီလ (၂၁)ရက် နေ့လယ်ပိုင်းက ဈေးသူ ဈေးသားများအား အခြေခံ မီးသတ်ဆေးဗူး အသုံးပြုနည်း နှင့် မီးငြိမ်းသတ်နည်းများကို သရုပ်ပြခဲ့ကြောင်း သိရသည်။

“လူတွေက မီးလောင်တာတွေ့ရင် ကြောက်ပြီး တွေ့ရာနဲ့ငြိမ်းသတ် တတ်တယ်၊ အဲ့အချိန်မှာ လောင်စာဆီကို ရေနဲ့ငြိမ်းလို့ မဖြစ်နိုင်တာကို အခုလို Dry Chemical Powder ဆေးဗူးသုံးပြီး စနစ်တကျသုံးတတ်ဖို့ သရုပ်ပြခဲ့ခြင်းဖြစ်ပါတယ်..”ဟု  မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်က ရှင်းပြသည်။

နွေရာသီတွင် ဈေးအတွင်း မီးလောင်မှု မဖြစ်ပွားစေရန်နှင့် မီးသတ်ဆေးဗူးအား ဈေးသူဈေးသားများ အနေဖြင့် စနစ်တကျ အသုံးပြုတတ်စေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဈေးသူ ဈေးသားများအား ဦးဆောင်၍ မီးသတ်တပ်ဖွဲ့မှ သရုပ်ပြနိုင်ရန် ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်မှု အနေဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်မှ ဆီမီးလောင်မှု နှင့် လျှပ်စစ်မီးလောင်မှုများ အတွက် မီးဘေးလုံခြုံရေး လုပ်ငန်းများ အကြောင်း၊ လက်တွေ့ မီးငြိမ်းသတ်မှု ပစ္စည်းကိရိယာများ အကြောင်း နှင့် DCP(Dry Chemical Powder) မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်း၊ ဆီမီးငြိမ်းသတ်ခြင်းများ အကြောင်းကို လက်တွေ့ ရှင်းလင်းပြသခဲ့သည်။

မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာချီလိတ်မြို့ပေါ်တွင် မီးသတ်သရုပ်ပြခြင်းအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထဲတွင် စက်သုံးဆီပန့်အရောင်းဆိုင်များတွင် တစ်ကြိမ်၊ တာချီလိတ်၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော်တွင် တစ်ကြိမ် နှင့် ယခု တစ်အကြိမ် အပါအ၀င် စုစုပေါင်း (၃)ကြိမ်တိတိ ပြသခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

"မီးသတ်ဆေးဗူးကို အမြဲတမ်း မြင်ဖူးနေပေမဲ့ လက်တွေ့ အသုံးချမှု အနေနဲ့ တစ်ခါမှ မလုပ်ဖူးဘူး၊ ဒီနေ့ လုပ်ကြည့်လိုက်မိတော့ ကိုယ်မသိသေးတာကို လက်တွေ့ သိလိုက်ရလို့ ရှင်းလင်းပြသပေးသူတွေရော၊ စီစဉ်ပေးသူတွေကိုပါ ကျေးဇူးတင်ပါတယ်.."ဟု ဈေးသည် အမျိုးသမီးတစ်ဦးက တာချီလိတ်အွန်လိုင်း သို့ ပြောသည်။

ယခုလို မီးငြိမ်းသတ်မှု ရှင်းလင်း သရုပ်ပြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင် အပါအ၀င် စည်ပင်သာယာရေး ကော်မတီဝင်များက ကူညီပေးခဲ့ကြပြီး ဈေးသူဈေးသားများက ကြည့်ရှုမှတ်သားကြပြီးနောက် မီးသတ်ဆေးဗူးဖြင့် လက်တွေ့ မီးငြိမ်းသတ်ခဲ့ကြသည်။

Dry Chemical Powder မီးသတ်ဆေးဗူးများအား မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် ၀ယ်ယူနိုင်ပြီး (၃)ကီလိုနှင့်  (၆.၈)ကီလို အမျိုးအစား(၂)မျိုးရှိကြောင်းနှင့် မြို့သူမြို့သားများ၏ အိမ်တွင်ရှိသော မီးသတ်ဆေးဗူးများအား  ပျက်စီးယိုယွင်းမှုများ မရှိစေရန် လိုက်လံပြင်ဆင်ဖြည့်ဆည်းပေးလျှက်ရှိ ကြောင်းသိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~