ကျပ်သိန်းပေါင်း (၁၆၂၇)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နမ့်ခမ်းမြို့တွင် ဖမ်းဆီးသိမ်းဆည်း

ကျပ်သိန်းပေါင်း (၁၆၂၇)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နမ့်ခမ်းမြို့တွင် ဖမ်းဆီးသိမ်းဆည်း
မတ် 9, 2015
By Tachileik News Agency

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကျပ်သိန်းပေါင်း (၁၆၂၇)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းစိမ်းများ နှင့် စိတ်ကြွဆေးပြားများကို မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ နှင့် ဒေသခံရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းသည့်အဖွဲ့မှ မတ်လ(၈)ရက် နေ့လယ်(၁၂း၁၅)နာရီအချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

နမ့်ခမ်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သပြေလမ်း တံတားအနီး လမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ နှင့် ဒေသခံရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းသည့်အဖွဲ့သည် ရရှိထားသော မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေရာမှ ကြိုတင်သတင်းရရှိထားသူ ယုန်းမြန်း(ကျား) မောင်းနှင်လာသည့် မောင်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ  ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ရှိ တူးဘောက်စ် အတွင်းမှ ကာလတန်ဖိုးငွေ ကျပ်(၂၀.၄)သိန်းခန့် တန်ဖိုးရှိပြီး အလေးချိန် စုစုပေါင်း (၂.၄)ကီလိုရှိသည့် ဘိန်းစိမ်း (၂)လုံးကို ရှာဖွေရရှိပြီး ၎င်းအား ဆက်လက်စစ်ဆေးရာမှာ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများ ထပ်မံရှိသေးကြောင်း ထွက်ဆိုလာခဲ့ကြောင်း နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ သိရသည်။

ထိုသို့ ထွက်ဆိုလာချက်ကြောင့် အောင်မင်္ဂလာရပ်ကွက်ရှိ ယုန်းမြန်း(ကျား)၏ နေအိမ်သို့ ယုန်းမြန်းနှင့်အတူ နေ့လယ် (၁၂း၃၀)နာရီအချိန်တွင် ရှာဖွေဖမ်းဆီးခွင့် ၀ရမ်း(၁၄/၂၀၁၅)ဖြင့် သွားရောက် ရှာဖွေရာ  နေအိမ်နောက်ဖေး ကောက်ရိုးပုံ အတွင်း၌ အဖြူရောင် ဆာလာအိတ်ဖြင့် သိုဝှက်သိမ်းဆည်းထားသည့် အလေးချိန် (၆.၂၃၂၄)ကီလိုဂရမ်ခန့်ရှိပြီး ကာလတန်ဖိုးငွေ (၁၆၀၇.၂)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ရောရာ စုစုပေါင်း (၈၀၃၆၀)ပြားကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့တာဖြစ်ကြောင်း အဆိုပါ မူးယစ်တပ်ဖွဲ့မှ သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူနှင့် ရောင်းချပေးသူများဖြစ်ကြသည့် ယုန်းမြန်း(ကျား) နှင့် ရန်ချန်(ကျား)(ဖမ်းမိသေး) တို့ နှစ်ဦးအား နမ့်ခမ်းမြို့မရဲစခန်းတွင် မယ(ပ)၁၈/၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~