ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က တာချီလိတ်မြို့၌ ကျင်းပပြုလုပ်ခဲ့သော ၂၀၁၄ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ၊ ငယ်၊ လတ်၊ ကြီး အတန်းများတွင် ၀င်ရောက်ဖြေဆိုကြသည့် သံဃာတော်များအနက် စာအောင် သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်ကို ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၈)ရက် နေ့လယ်(၁)နာရီအချိန်က တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ် ခဲ့ကြသည်။
တာချီလိတ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည့် ၂၀၁၄ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ၀င်ရောက်ဖြေဆိုသည့် သံဃာတော်များမှာ စုစုပေါင်း (၆၂)ပါးရှိခဲ့ပြီး အဆိုပါ စာမေးပွဲတွင် သံဃာတော် (၃)ပါးသာ အောင်မြင်ခဲ့ရာ အောင်မြင်ခဲ့ကြသည့် သံဃာတော်များမှာ ပထမလတ်တန်းတွင် ရွှေဥတောင် တောရ ပရိယတ္တိ စာသင်တိုက်မှ အရှင် ဥတ္တရသာရ နှင့် ငွေတောင်ဦး ကမ္မဋ္ဌာန်း ကျောင်းတိုက်မှ အရှင်သီဟ အပါအ၀င် ပထမငယ်တန်းတွင် ရွှေဥတောင် တောရ ပရိယတ္တိစာသင်တိုက်မှ အရှင် ပညာဝရ တို့ဖြစ်ကြောင်း မြို့နယ်သာသနာရေးမှ သိရသည်။
စာအောင်သံဃာတော် (၃)ပါးအား အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းရာတွင် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း မှ ဆက်ကပ်လှူဒါန်းပြီးနောက် သုဓမ္မမဏိဇောတဓရ ဦးမောင်လေး (အဆွေတော်) မိသားစု နှင့် စေတနာရှင်အလှူရှင် မိသားစုများက ပင့်ဖိတ်ထားသော ဆရာတော်များ နှင့် စာအောင်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယခု ၂၀၁၅ခုနှစ်၏ အစိုးရပါဠိပထမပြန် စာမေးပွဲ၊ ငယ်၊ လတ်၊ ကြီး အတန်းများတွင် တာချီလိတ်မြို့မှ သံဃာတော် စုစုပေါင်း (၇၅)ပါး ဖြေဆိုထားကြောင်း သိရသည်။
#TachileikOnlineNews
www.tachileik.net ❂⊱