တာချီလိတ်၌ ယာဉ်မကြာခဏ တိုက်မှုဖြစ်ပွားသည့် (၃)နေရာ၌ အန္တရာယ်ကင်းပရိတ်ရွတ်

တာချီလိတ်၌ ယာဉ်မကြာခဏ တိုက်မှုဖြစ်ပွားသည့် (၃)နေရာ၌ အန္တရာယ်ကင်းပရိတ်ရွတ်
ဧပြီ 20, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် ယာဉ်မတော်တဆ တိုက်မှု အများဆုံးဖြစ်ပွားသော နေရာ(၃)နေရာ၌ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ဆရာတော်သံဃာတော်များ ပင့်ဆောင်၍ အန္တရာယ်ကင်း ပရိတ်တရား ရွတ်ဖတ်မှုကို ယနေ့ ဧပြီလ(၂၀)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမှတ်(၆၄)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်လွင် နှင့် တပ်စိတ်(၂)တာချီလိတ်၊ တပ်စိတ်မှူး ရဲအုပ် ကျော်ဇေယျတို့ ဦးဆောင်သည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက တာချီလိတ်မြို့တွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော နေရာ(၃)နေရာဖြစ်သည့် တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမပေါ်ရှိ ၀မ်ကျောက်လုံ ပြည်သူ့စစ်စခန်းရှေ့ လမ်းအကွေ့ နှင့် ဟွေခိုက်ရွာလမ်းအကွေ့ အပြင် တာချီလိတ် - ၀မ်ပုံသွား စက်မှုဇုံကားလမ်းမပေါ်တို့တွင် သံဃာတော်(၅)ပါးအား ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်း၊ ပရိတ်ရေ၊ သဲမန်း၊ ဆန်မန်းများ ပက်ဖြန်းခြင်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

"ယာဉ်တိုက်မှု မကြာခဏဖြစ်တဲ့ ဒီနေရာ(၃)နေရာမှာ ယာဉ်တိုက်မှုကြောင့် ဆက်လက်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အပြင် သေဆုံးသွားကြတဲ့သူတွေရော၊ မကျွတ်မလွတ်သေးတာတွေလည်း ကျွတ်လွတ်အောင်လို့ ဆရာတော်(၅)ပါးပင့်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်တာတွေ အမျှပေးဝေတာတွေ ဆောင်ရွက်ခဲ့ပါတယ်.."ဟု တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

"အခုလို အန္တရာယ်ကင်းပရိတ်ရွတ်တာ ကောင်းတယ်၊ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ် အောက်တိုဘာလ (၁၁)ရက်တုန်းကလည်း အခုလိုပဲ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်ပြီး လူသေတာများလို့ အန္တရာယ်ကင်း ပရိတ်ရွတ်ခဲ့ကြသေးတယ်၊ အဲ့လို ပရိတ်တရားတွေရွတ်ပြီးနောက် သိသိသာသာ ယာဉ်တိုက်မှုတွေ လျော့နည်းလာခဲ့တယ်..."ဟု မြို့မိမြို့ဖ တစ်ဦးကလည်း ပြောသည်။

"တာချီလိတ်မှာက ကားတွေ ဆိုင်ကယ်တွေ အရမ်းများလာတဲ့အပြင် စည်းကမ်းမရှိ မောင်းနေကြတာတွေကြောင့် ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်ကြတယ်၊ အားလုံးပဲ မိမိအသိစိတ်နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာနိုင်ရင် အန္တရာယ်အကင်းဆုံးပါပဲ.."ဟု မြို့နယ်အထောက်အကူပြုကော်မတီဝင် တစ်ဦးက ပြောသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~