တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်၊ ဟုန်ပန်းရုံးအရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ယနေ့ ဧပြီလ(၂၁)ရက် ည(၇း၁၀)နာရီအချိန်ခန့်က စက်ဘီး နှင့် မော်တော်ဆိုင်ကယ် မတော်တဆတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်၊ ဟုန်ပန်းရုံးအရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် မောင်ဖြိုးပြည့်စုံ တစ်ဦးတည်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် အာခါဈေး လမ်းဆုံမီးပွိုင့်ဘက်မှ တာချီလိတ် - ကျိုင်းတုံ သွားလမ်းဆုံ မီးပွိုင့်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာအရပ် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့လမ်းယာဘက်ခြမ်း၌ အသက်(၁၃)နှစ်ရှိ မောင်နေထက်ဇော် စီးနင်းနေသော စက်ဘီးအား နောက်မှ ၀င်ရောက်၍ တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းသူ မောင်ဖြိုးပြည့်စုံသည် ယာမျက်ခုံးပေါ်ပေါက်ပြဲ၊ မေးစေ့ပေါက်ပြဲ၊ ယာဘက်ဒူးပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး စက်ဘီးစီးနင်းသူ မောင်နေထက်ဇော်မှာ ဦးခေါင်းနောက်စေ့ဖူးယောင်၊ ယာဘက်နားအတွင်း သွေးထွက်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
ဒဏ်ရာရရှိထားသည့် စက်ဘီးစီးနင်းသူ မောင်နေထက်ဇော်အား တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသထားရာမှ အရေးအပေါ် အခြေအနေအရ ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးထံမှ သိရသည်။
ယာဉ်တိုက်မှုနှင့် ပတ်သက်၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ကျော်ဘိုဘိုအောင် နှင့် ရဲတပ်ကြပ် အောင်ဇော်လတ်တို့မှ သွားရောက် စစ်ဆေးခဲ့ကြပြီး ဆိုင်ကယ်အရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်ပြီး ရှေ့တွင်စီးနင်းနေသော စက်ဘီးအား နောက်မှ တိုက်မိခဲ့သူ ဆိုင်ကယ်မောင်းသူ မောင်ဖြိုးပြည့်စုံအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၂/၂၀၁၅ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈အရ အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။
#TachileikOnlineNews
www.tachileik.net ❂⊱