ကားတစ်စီးသည် အကွေ့၌ အရှိန်မထိန်းနိုင်ဘဲ နေအိမ်အား ၀င်တိုက်မိရာမှ အိမ်ထဲတွင် အိပ်ပျော်နေသည့် လူတစ်ဦး ဒဏ်ရာများရရှိကာ ဆေးရုံမရောက်မီ လမ်း၌ ကွယ်လွန်သွားသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့တွင် ယနေ့ မေလ(၉)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၅ခုနှစ် မေလ(၉)ရက် ညနေ(၃)နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၂)ရွာ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမပေါ်တွင် တာလေမြို့ဘက်မှ တာချီလိတ်မြို့သို့ စိုင်းဆိုင် မောင်းနှင်လာသည့် မော်တော်ကားတစ်စီးသည် အခင်းဖြစ်ပွားရာ လမ်းအကွေ့ အရောက်တွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းယာဘက်ရှိ ဦးအားဆက်၏ နေအိမ်ဝင်းမှ မိုင်းကိုး - တာချီလိတ် လိုင်းကား မောင်းသူ ဦးစိုးနိုင်၏ တဲအိမ်အား ၀င်ရောက်မိခဲ့ရာမှ တဲအိမ်အတွင်း အိပ်နေသော ဦးစိုးနိုင်မှာ ဒဏ်ရာများ ရရှိပြီး တာချီလိတ်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌ ကွယ်လွန်သွားခဲ့ကြောင်း တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်သူ စိုင်းဆိုင်အား တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၂၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ ယနေ့ ညနေ(၅း၅၀)နာရီအချိန်က အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။