ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း (၂၁၈၆၃)သိန်း ကုန်ကျကာ တည်ဆောက်ပြီးစီးခဲ့သည့် အဆင့်မြင့် ပါဆတ် ကားလေးကွင်းဖွင့်ပွဲအား ယနေ့ ၂၀၁၅ခုနှစ် မေလ(၁၀)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး နှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့မှ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆင့်မြင့် ပါဆတ် ကားလေးကွင်းအား ပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မင်းခေတ်သစ် ကုမ္ပဏီမှ ဒါရိုက်တာ ဦးဝင်းလွင်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အဆင့်မြင့် ပါဆတ် ကားလေးကွင်း ဆိုင်းဘုတ်အား ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆင့်မြင့် ပါဆတ် ကားလေးကွင်း တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ "ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီနှင့် မင်းခေတ်သစ်ကုမ္ပဏီတို့ ၂၀၁၃ခုနှစ် ဇူလိုင်လ(၄)ရက်နေ့က စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ရာ စီမံကိန်းကာလ (၁)နှစ်နှင့်(၆)လပြည့်သည့် ၂၀၁၅ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး B.O.T စနစ်ဖြင့် ရင်းနှီးမြှုပ်နှံငွေ ကျပ်သိန်းပေါင်း ( ၂၁၈၆၄ )သိန်း ကုန်ကျကြောင်း" မင်းခေတ်သစ် ကုမ္ပဏီမှ စီမံကိန်းအင်ဂျင်နီယာ ဦးအေးချိုမှ အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် ရှင်းလင်းပြောကြားသည်။
အဆင့်မြင့် ပါဆတ် ကားလေးကွင်း ဆောက်လုပ်ရန်အတွက် လက်ရှိ ကားဂိတ်များအား ယာယီဂိတ်စခန်းကို မင်းခေတ်သစ် ကုမ္ပဏီမှ ၂၀၁၃ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့မှ နိုဝင်ဘာလ(၂၂)ရက်နေ့အထိ ကုန်ကျစရိတ် ကျပ်သိန်း(၂၀၀)ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ယာယီဂိတ်စခန်းတည်ဆောက်ခြင်းနှင့် ခရီးသည်နားနေဆောင် (၁)ခုတို့အတွက် ကုမ္ပဏီမှ စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း(၂၇၀)ပံ့ပိုး ကူညီလှူဒါန်းခဲ့ကြောင်း ၎င်းမှ ဆက်လက်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်က "တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင်ဖြစ်သည့် ပါဆတ်ကားလေးကွင်း၏ မြေအကျယ် (၁.၀၈)ဧကအတွင်း မြို့အင်္ဂါရပ်နှင့်အညီ ပြင်ဆင်ဆောက်လုပ်ရန် လိုအပ်လျှက်ရှိတာကြောင့် မင်းခေတ်သစ်ကုမ္ပဏီနှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီတို့မှ ၂၀၁၃ခုနှစ် ဇူလိုင်လ (၄)ရက်နေ့က စာချုပ် ချုပ်ဆိုခဲ့ပြီး စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာမှ ယခုဆိုလျှင် တာချီလိတ်မြို့၌ ခေတ်မီပြီး သပ်ရပ်လှပသော ကားလေးကွင်းကို အောင်မြင်စွာ ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း" အခမ်းအနားတွင် ပြောကြားသည်။
ယင်းနောက် မြို့မဈေးတည်ဆောက်ခြင်းနှင့် ပါဆတ်ကားလေးဝင်း အဆင့်မြင့် တည်ဆောက်ခြင်းတို့ အတွက် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအချက်အလက်ပါ စာရွက်စာတမ်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်က မင်းခေတ်သစ်ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာ ဦးစိုင်းဝန်းပန် (ခ) ဦးမောင်မောင်အား လွှဲပြောင်းပေးအပ်သည်။
မင်းခေတ်သစ်ကုမ္ပဏီမှ မြို့နယ်အထောက်အကူပြုကော်မတီ နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သာယာလှပရေးတို့တွင် လိုအပ်သလို အသုံးပြုနိုင်ရန်အတွက် အလှူငွေများ ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံတို့မှ လက်ခံရယူခဲ့ကြသည်။
"ဒီကွင်းထဲမှာ ဂိတ်ပေါင်း (၂၅)ဂိတ်လောက်ရှိတယ်၊ ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး မူလပိုင်ရှင်တွေကတော့ ၀ယ်ကြတယ်၊ ကျွန်တော်တို့ကတော့ မ၀ယ်နိုင်လို့ တစ်လ(၆၀၀၀)ဘတ်နဲ့ တစ်လကြိုပေး စနစ်နဲ့ ငှားနေကြတယ်၊ တစ်နှစ်ကျော်သွားရင် လစာကို ဆယ်ရာခိုင်နှုန်းတက်မယ်လို့ သိထားရပါတယ်.."ဟု ကားဂိတ်တာဝန်ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယနေ့ ဖွင့်လှစ်သည့် မြို့မဈေးဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါ်တင်မေထွန်း၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထိုက် နှင့် အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ ကျိုင်းတုံရုံးခွဲ မှ တွဲဖက်အတွင်းရေးမှူး ဦးလုကာ ၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ခရိုင်အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းဝင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။
ယခု ဆောက်လုပ်ပြီးစီးသည့် အဆင့်မြင့် ပါဆတ် ကားလေးကွင်းတွင် A Series သတ်မှတ် အကျယ်အ၀န်းအလိုက် (၁၂)ခန်း၊ B Series တွင် (၁၆)ခန်း၊ C Series တွင် (၁၇)ခန်း နှင့် D Series တွင် (၂၁)ခန်းပါရှိပြီး အဆောက်အဦတွဲများကို ငလျင်ဒဏ် (၈.၅)ရစ်တာစကေး ခံနိုင်အားကို တွက်ချက်၍ ဆောက်လုပ်ထားကြောင်း သိရသည်။
သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်