ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် ကျောင်းသား ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသားများအား နွေရာသီ အားလပ်ရက် အချိန်များကို အကျိုးရှိစွာ အသုံးချပြီး ခေတ်မီနည်းပညာများ တိုးတက်ရရှိစေရန်၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ဝေဠုဝန်ဓမ္မစကူးလ် ကျောင်းတော်နှင့် ဟောင်လိတ်အခြေခံပညာ အထက်တန်း ကျောင်းတို့ ပူးပေါင်းစီစဉ်၍ ဒုတိယအကြိမ် အဖြစ် အခမဲ့ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့ မေလ(၁၁)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါ ကျောင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ဆက်လက်၍ သင်တန်းအောင်မြင်ပြီးမြောက်စွာ တက်ရောက်ခဲ့သည့် သင်တန်းသားများအား ဝေဠုဝန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒိမာဝံသ(ဓမ္မစရိယ)၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ၊ ဆန်ဆိုင်း(အထက)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်တို့က သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ပြီး၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှကူညီပေးခဲ့မှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ နွေရာသီ အခမဲ့ကွန်ပျူတာသင်တန်းအား ၉-၃-၂၀၁၅ ရက်နေ့မှ ၉-၅-၂၀၁၅ ရက်နေ့အထိ ဖွင့်လှစ် ခဲ့ပြီး၊ သင်တန်းသား သင်တန်းသူ (၁၇)ဦး တို့က အောင်မြင်စွာတက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သတင်း။ ။ ဝေယံလင်း