တာချီလိတ်မြို့မဈေး အဆောက်အဦ၏ အပြင်ပတ်လည်ရှိ လူသွားလမ်းများ ပေါ်တွင် စည်းကမ်းမဲ့ ဈေးရောင်းချနေသူများနှင့် သတ်မှတ်နေရာများတွင် ဈေးရောင်းချမှုမရှိသည့် ဈေးသည်များကို အရေးယူမည့် ကိစ္စနှင့်အတူ အဆိုပါ လမ်းများပေါ်တွင် ရှင်းလင်းရေးအတွက် ယနေ့ မေလ(၁၁)ရက် ညနေပိုင်းက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွင် ဈေးသည်များနှင့် စည်ပင်သာယာရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ညပိုင်းတွင် ဈေးသည်များမှာ ဈေးပြင်ပရှိ ပလက်ဖောင်းနှင့် လမ်းများပေါ်တွင် စည်ပင်သာယာရေးကော်မတီမှ ရှင်းလင်းမှုကို တညီတညွတ်တည်း မဖြစ်မှာကို စိုးရိမ်သည့် စိတ်ဖြင့် ဈေးသည်များ စုရုံးနေလျက်ရှိကြောင်း သိရသည်။
ယနေ့ညနေပိုင်းတွင် ဈေးသည်ကိုယ်စားလှယ်များနှင့် တာချီလိတ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံနှင့် အတွင်းရေးမှူး ဦးကျော်ဇင် အပါအ၀င် စည်ပင်သာယာရေးကော်မတီဝင်များ၊ မင်းခေတ်သစ်ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးစိုင်းဝန်းပန်(ခ) ဦးမောင်မောင် အပါအ၀င် တာဝန်ရှိသူများမှ မြို့မဈေး အပြင်ဘက်ပတ်လည်တွင် ဈေးရောင်းချနေသော ပျံကျဈေးသည်များနှင့် ပလက်ဖောင်းများပေါ်တွင် ဈေးရောင်းချနေသူများကို အရေးယူရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ဈေးပြင်ပ ပတ်လည်နေရာများဖြစ်သည့် လမ်းများပေါ်တွင် အာခါတန်းပျံကျ ဈေးသည်များမှ လာရောက်ရောင်းချနေမှုသည် ၎င်းတို့အတွက် ဈေးမရောင်းရသည့်အပြင် ယခုလို ဈေးရောင်းချပါက ၎င်းတို့အနေဖြင့် အပေါ်ထပ်မှ ဆင်း၍ လမ်းပေါ်တွင်သာ သွားရောက်၍ ရောင်းချရတော့မည့် အခြေအနေဖြစ်နေကြောင်း ထို့အတွက် ဈေးပြင်ပ ပတ်လည်တို့တွင် စည်းကမ်းမရှိ ရောင်းချနေမှုများကို ရှင်းလင်းပေးပါရန် အပေါ်ထပ်ရှိ ဈေးသည်များက ဆွေးနွေးပွဲတွင် တင်ပြလာသည့်အတွက် စည်ပင်သာယာကော်မတီအနေဖြင့် မေလ(၁၂)ရက် နံနက်(၄း၃၀)နာရီအချိန်မှစ၍ စတင်ရှင်းလင်းမှုကို ဆောင်ရွက်မှာ ဖြစ်ကြောင်း အဆိုပါဆွေးနွေးမှုတွင် သတ်မှတ်လိုက်သည်ကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံက"လမ်းမပေါ်ဈေး မရောင်းချရေးကို ဈေးသည်များ အချင်းချင်း အသိပေး ပြောကြားပေးစေလိုကြောင်း နှင့် လမ်းများပေါ် စည်းကမ်းမဲ့ ဈေးရောင်းချနေမှုကို ၁၂.၅.၂၀၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ကွင်းဆင်း စစ်ဆေးသွားမှာဖြစ်ကြောင်း" ပြောကြားသည်။
"ဈေးပတ်လည် လမ်းများပေါ်တွင် စည်းကမ်းမဲ့ ရောင်းချမှုကို လက်မခံကြောင်း၊ သားငါးတန်းနေရာအတွက် နည်းလမ်းရှာနေကြောင်း၊ အများသူငှာ အသုံးပြုသည့် လမ်းများပေါ်တွင် စည်းကမ်းမဲ့ ဈေးရောင်း မချစေရေး နှင့် စည်းကမ်းမဲ့စွာဖြင့် ဈေးရောင်းချပါက အရေးယူရေး"စသည်တို့ကို ဆွေးနွေးမှုတွင် ပြောကြားသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်က"ကျွန်တော်တို့ မြန်မာနိုင်ငံသား ဈေးသည်တွေက ထိုင်းဘက်မှာ ဈေးသွားရောင်းတဲ့အခါ ထိုင်းဘက် စည်ပင်က ပေးမရောင်းတဲ့နေရာတွေ သတ်မှတ်ထားတာတွေကို မြန်မာဈေးသည်တွေက မရောင်းဘူး၊ ထိုင်းဘက်က စည်းကမ်းကို လိုက်နာပေမဲ့၊ ကျွန်တော်တို့ဘက်မှာတော့ ကျွန်တော့်တို့ရဲ့ စည်းကမ်းကို မလိုက်နာဘဲ လမ်းပေါ်တွေမှာ ဈေးရောင်းကြတယ်.. အခုလည်း ကျွန်တော်တို့ မြို့မဈေးက လမ်းပေါ်တွေမှာ စည်းကမ်းမဲ့ ရောင်းချနေမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းဖယ်ရှားတော့မှာပါ၊.."ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့မဈေးလမ်းပေါ်တွင် ရှင်းလင်းပြီးနောက် နေရာရရှိသော ဈေးသည်များအနေဖြင့် သတ်မှတ် နေရာများတွင်သာ ဈေးရောင်းချစေလိုကြောင်းနှင့် သတ်မှတ်ထားသည့် သားငါးတန်းများတွင် မရောင်းချပဲ ဈေး၏ အခြားနေရာများတွင် ရောင်းချနေသည့် အသားသည်များကိုလည်း စိစစ်တွေ့ရှိရပါက သားငါး လုပ်ငန်းလိုင်စင်ကို သိမ်းဆည်းသွားသည့် အနေဖြင့် အရေးယူသွားမှာဖြစ်ကြောင်း နှင့် နေရာမရရှိသော ဈေးသည်များအနေဖြင့် အခြားဈေးများတွင်လည်း လွတ်လပ်စွာဖြင့် သွားရောက် ရောင်းချနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။
ဈေးသည်ကိုယ်စားလှယ်များနှင့် စည်ပင်သာယာရေးကော်မတီများ၊ တာဝန်ရှိသူများမှ ညနေပိုင်း၌ ဆွေးနွေးမှုပြီးသည့်နောက်မှာ မြို့မဈေး၏ ယခင် ခိုင်တည်းခိုခန်း လမ်းကြားရှိ ဈေးခုံများကို စည်ပင်သာယာရေးကော်မတီမှ ယနေ့ည (၈)နာရီဝန်းကျင်က ကားများဖြင့် လာရောက် သယ်ဆောင်သွားသည့် အတွက် ဈေးသည်များ၏ အသံများမှာ အမျိုးမျိုးထွက်ပေါ်ခဲ့ပြီး၊ ယခင် သားငါးတန်းနေရာများတွင် ခုံများချ၍ ညအိပ်စောင့်နေမှုများ၊ ဈေးပတ်လည်ပေါ်တွင် ပျံကျဈေးသည်များမှ ဟင်းသီးဟင်းရွက် ရောင်းချရန်အတွက် နေရာကြိုတင်ယူထားမှုများ ဖြစ်ပေါ်ခဲ့သည်။
"စောစောပိုင်းကပဲ ခိုင်တည်းခိုခန်း လမ်းကြားမှာ ခင်းထားတဲ့ ခုံတွေကို စည်ပင်က ကားနဲ့လာပြီး သယ်သွားပြီ။ ဒါပေမဲ့ မဟာမြတ်မုနိ တံတားနားကနေ ၀င်တဲ့ KBZ ဘဏ်အောက်နားက ဆိုင်နေရာနဲ့ တချို့နေရာမှာတော့ သိမ်းသွားတာ မရှိသေးဘူး၊ မျက်နှာရွေးတာလား၊ မျက်နှာလိုက်တာလား၊ မနက်ဖြန်မှ လာသိမ်းမှာလားတော့ မပြောတတ်ဘူး၊ သူတို့လာသိမ်းတုန်းက ရန်ပွဲတောင် ဖြစ်တော့မလို့.."ဟု မြို့မဈေးရှိ အိုးခွက်များရောင်းချသည့် ဈေးသည်တစ်ဦးက ပြောပြသည်။
"ကျွန်တော်တို့ အရင်က ဒီနေရာမှာ ဈေးရောင်းချလာတာ နှစ် နှစ်ဆယ်ဝန်းကျင်ရှိပြီ၊ ဒီနေရာကို မပေးတော့ပဲ ကျွန်တော်တို့ကို အပေါ်ထပ်ကို ပို့တယ်၊ အဲ့ဒါ မပြောသေးဘူး၊ အခု ဒီသားငါးတန်း နေရာဟောင်းက အုတ်နံရံတွေမှာ သင်္ကေတတွေနဲ့ အမည်တွေကို သတ်မှတ်ထားတယ်၊ ဒါဟာ ကျွန်တော်တို့ကိုမပေးဘဲ တခြားလူကို ပေးဖို့ သတ်မှတ်ထားတယ် ထင်လို့ အခု ကျွန်တော်တို့ ညအိပ်ပြီး သူတို့ လာရှင်းလင်းမှာကို စောင့်နေတာ.."ဟု ညအိပ်စောင့်နေသည့် ငါးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"ဈေးပတ်လည် လမ်းပေါ်က နေရာတွေနဲ့ အရင်သားငါးတန်းက နေရာတွေကို ရှင်းလင်းဖယ်ရှားမယ်ဆိုတာ သဘောတူပါတယ်။ သို့သော်လည်း ရှင်းလင်းဖယ်ရှားမယ်ဆိုရင် တညီတညွတ်တည်း ဖယ်ရှားပေးဖို့တော့ လိုတာပေါ့နော်..၊ ကုမ္ပဏီနဲ့ရင်းနှီးလို့ စည်ပင်နဲ့ခင်လို့ ဆိုပြီး ချန်လပ်ထားလို့တော့ မဖြစ်ပါဘူး၊ အားလုံးတပြေးညီဖြစ်မှသာ တရားမျှတမှုရှိမှာပါ..."ဟု ပထမထပ်တွင် ဈေးရောင်းချနေသည့် ကုန်စိမ်းသည် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောလာသည်။
"ကျွန်မကတော့ ဆန်ဆိုင်းဈေး နဲ့ ဘုရင့်နောင်ဈေးမှာ ဟင်းသီးဟင်းရွက် ခွရောင်းနေတာ ဘာအသံမှ မထွက်ဘူး၊ အခု ဒီဈေးကျမှ အသံထွက်နေတယ်၊"ဟု ကုန်စိမ်းသည်တစ်ဦးက ပြောသည်။
မြို့မဈေး၏ အပြင်ဘက် လမ်းများပေါ်တွင် ရှင်းလင်းဖယ်ရှားမှုကို ဈေးသည်များအနေဖြင့် သဘောတူညီသော်လည်း၊ ယင်းသို့ ရှင်းလင်းဖယ်ရှားမှုသည် အားလုံးတပြေးညီဖြစ်ဖို့ လိုအပ်ကြောင်း ဈေးသည်များမှ ပြောဆိုနေကြသည်။
သတင်း ။ ။ ကိုဇောင်း