၂၀၁၅ ဆန္ဒမဲပေးနိုင်ရေးအတွက် တာချီလိတ်မြို့ ရပ်ကွက်များအတွင်း ပြည်တွင်းမှ ရွှေ့ပြောင်း နေထိုင်သူများ အနေဖြင့် မဲဆန္ဒရှင် စာရင်းများပေးသွင်းနိုင်ရန် ရပ်ကွက်အလိုက် ကွင်းဆင်း၍ စာရင်းကောက်ခံလျှက်ရှိကြောင်း သိရသည်။
“ရပ်ကွက်ထဲမှာ မှတ်ပုံတင် မရှိတဲ့သူတွေနဲ့ အိမ်ထောင်စု စာရင်းမရှိတဲ့ သူတွေကို ရွေးကောက်ပွဲ မဲဆန္ဒရှင် စာရင်း ရအောင် ကောက်ပေးနေတာပါ၊ အဓိကတော့ တာချီလိတ်မှာ ပြည်တွင်းက ရွှေ့ပြောင်း နေထိုင်သူတွေ များတာကြောင့်ပါ..”ဟု ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အသက်(၁၈)ပြည့်၍ မှတ်ပုံတင် မရှိသူများ၊ ပျောက်ဆုံးသူများနှင့် အိမ်ထောင်စုစာရင်း မရှိသူများအား စာရင်းပြုစု ကောက်ခံခြင်းဖြစ်ကြောင်း၊ စာရင်းကောက်ယူမှုမှာ မေလ (၁၇)ရက်နေ့က စတင်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ၀မ်ကောင်းရပ်ကွက်အတွင်း အိမ်ထောင်စု စာရင်းပေါင်း (၁၀၀)ကျော်နှင့် မှတ်ပုံတင် စာရင်း(၅၀)ခန့် ကောက်ခံရရှိထားကြောင်း အများစုမှာ မန္တလေးတိုင်းအတွင်းမှ လာရောက်ကြသူများဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။
တာချီလိတ်မြို့တွင်း နေထိုင်သူများသည် မိမိတို့မူလ မဲဆန္ဒနယ်တွင် ပုံစံ(၆၆)အား ပယ်ဖျက်ပြီးမှသာ တာချီလိတ်မြို့တွင် ဆန္ဒပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
မူလမဲဆန္ဒနယ်တွင် ပုံစံ(၆၆)အား ပယ်ဖျက်နိုင်ရေး တာချီလိတ်မြို့အတွင်းရှိ သက်ဆိုင်ရာ ရပ်များတွင် ပုံစံ(၃)အား ရေးသွင်းရမည်ဖြစ်ပြီး ၎င်းပုံစံ(၃)အား မူလ မဲဆန္ဒနယ်သို့ ပေးပို့ကာ ပုံစံ(၆၆)ပယ်ဖျက်၍ တာချီလိတ်မြို့တွင် ဆန္ဒမဲ ပေးသွင်းနိုင်မည်ဖြစ်ခြင်းကြောင့် ရပ်ကွက်များအတွင်း ကွင်းဆင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းနှင့် ရပ်ကွက်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး၍ မှတ်ပုံတင် ပျောက်ဆုံးနေသူများအား ဆန္ဒမဲပေးနိုင်ရန် စာရင်းပြုစု ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လိုက်လံကောက်ခံပေးနေတာ တွေ့ရတယ်၊ ကျွန်တော်တို့ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးတော့ဘူးပေါ့၊ ကျွန်တော်တို့ အိမ်ထောင်စုစာရင်းရှိတဲ့ နေရာပြန်ပြီး မဲထည့်မယ်ဆိုလည်း မဖြစ်နိုင်ဘူးလေ..”ဟု တာချီလိတ်သို့ ရွှေ့ပြောင်း အခြေချနေထိုင်သူ တစ်ဦးမှပြောသည်။