ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်၌ စိတ်ကြွဆေးပြား (၁၉၇၀)ပြားကို ယနေ့ မေလ (၂၃)ရက် နံနက်(၈)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့နယ်။ မိုင်းကိုးကျေးရွာအုပ်စုတွင် ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု (၁၀၄)နေပြည်တော် နှင့် တပ်ဖွဲ့စု (၃၀)တာချီလိတ်တို့ ပါဝင်ပြီး ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် မူးယစ်ဆေးဝါး သတင်းအရ တာချီိလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်း(၁)ရွာတွင် နေထိုင်သူ အသက် (၇၃)နှစ်ရှိ ဦးလုံးရှဲန်၏ နေအိမ်အား ၀င်ရောက် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို သိမ်းဆည်း ရမိတာဖြစ်ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရရှိရာတွင် နေအိမ်လှေကားထိပ်ရှိ အိမ်ကြမ်းပြင် အံ့ဝှက်အတွင်းမှ Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၉၇၀)ပြားကို ရှာဖွေရရှိရာ အဆိုပါ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၄၉.၂၅)သိန်းခန့် တန်ဖိုးရှိကြောင်း နှင့် ဖမ်းဆီးရမိသူ ဦးလုံးရှဲန်အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၈၀/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
တာချီလိတ်မြို့တွင် မေလ(၁၃)ရက်နေ့က ဖမ်းဆီးရမိခဲ့သော ကျပ်သိန်းပေါင်း (၂၁၂၅)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမှုသည် မေလ၏ (၃)ပတ်အတွင်း အများဆုံး ဖမ်းဆီးရမှုဖြစ်ပြီး ယခုအမှု အပါအ၀င် မေလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ (၁၅)မှုဝန်းကျင်ရှိကြောင်း သိရသည်။