နေ့တစ်နေ့ရဲ့ အလင်းရောင်ပျယ်လုလုအချိန် ကျရောက်ပြီမို့ ရေမိုးချိုး မှန်တင်ခုံရှေ့ထိုင်လိုက်ပြီး အ၀တ်ဗီဒိုထဲက ခေတ်အမှီဆုံးနဲ့ အတောက်ပဆုံး အရောင်ပါဝင်တဲ့ ၀တ်စုံလေးတစ်စုံကို ရှာလို့ဝတ်ပြီး မိတ်ကပ်လေး ပါးပါးလိမ်း၊ နုတ်ခမ်းနီ တောက်တောက်လေးဆိုး၊ လုပ်ငန်းခွင်ဝင်ဖို့ အချိန်စောင့်ရတော့မယ်လေ။
မနေ့က တစ်ညလုံးပင်ပန်းခဲ့သမျှ နေ့ပိုင်းမှာ အတိုးချလို့အိပ်ခဲ့တာ ညနေပိုင်းကျတော့ လန်းဆန်းနေတာမို့ အတွေးတွေသစ်နေပြီပေါ့။
ဒါပေမယ့် တစ်ချက်တစ်ချက် အိမ်က မောင်နှမတွေနဲ့ မိခင်အိုကြီးကို သတိရမိတယ်။ မောင်လေး ကျောင်းတက်တာ ဘာများလိုသေးလဲ စာတွေရော လိုက်နိုင်ပါ့မလား၊ ညီမလေးက အမေ့ကို ကူညီပါ့မလားနဲ့ အတွေးတွေ လွင့်သွားမိပြန်တယ်။
“ဘာဘဲဖြစ်ဖြစ် ကျွန်မဒီဘ၀မှာ နေသားကျနေပြီမို့ ကျွန်မ မောင်နှမလေးတွေကို တိုးတက်စေချင်မိတယ်၊ အမေကြီးလည်း စိတ်ချမ်းသာသာနဲ့ ထားချင်မိတယ်လေ”
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်မြို့တော်ဖြစ်တဲ့ တာချီလိတ်မြို့၊ တော်ကော့(တွင်း)ရပ်ကွက်အတွင်းက ညအချိန် အရောင်ခပ်မှိန်မှိန် မီးလုံးလေးတွေ ထွန်းညှိထားတဲ့ စားသောက်ဆိုင်လို့ အမည်ပေးထားတဲ့ ဆိုင်တန်းရှည်တွေကြားထားက ယောက်ျားများ၏ ရမ္မက်၊ ငွေကြေးနှင့် ခန္ဓာကိုယ် လဲလှယ်သော (ဘိ)ဟုခေါ်ဆိုသော ပြည်တန်ဆာဆိုင်လေးတစ်ဆိုင်မှ အသက်(၂၁) အရွယ်မိန်းမပျိုလေးတစ်ဦး၏ ရင်းတွင်းမှ ထွက်ကျလာသော ရှိုက်ညည်းသံသဲ့သဲ့လေးဖြစ်ပါသည်။
သူမနာမည်က “ငြိမ်းငြိမ်း”လို့ခေါ်ပြီး မြန်မာနိုင်ငံအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်းမှ ကျေးရွာလေးတစ်ရွာကနေ ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်မြို့သို့ အလုပ်လာလုပ်သူတစ်ဦးပါ။
အမည်ကသာ “ငြိမ်းငြိမ်း”ဆိုပေမယ့် ဘ၀ကမငြိမ်းရှာပါဘူး၊ အားကားအားထားပြုတဲ့ ဖခင်ကြီးဟာ သူမအသက်(၁၈)နှစ် လောက်မှာ ကွယ်လွန်သွားတော့ အကြီးဆုံးဖြစ်တဲ့ သမီး သူမရဲ့ပုခုံးပေါ်ကို မိသားစုတာဝန်ဆိုတဲ့ ၀န်ထုပ်ဝန်ပိုးက ပိလာတော့တာပါ။ အသက်(၁၈)နှစ်နဲ့ ရန်ကုန်ရောက်ပြီး ကြုံရာ အလုပ်လုပ်ပေမယ့် မိသားစုကို လောက်ငအောင် မထောက်ပံ့နိုင်တော့ အနိုပ်ခန်းတစ်ခုမှာ အလုပ်ဝင်လုပ်ရင်းသူမ စတင်ခဲ့ပါတယ်။
“ကျွန်မ အတန်းပညာလည်း မတတ်တော့ ဈေးရောင်းတာတို့ ကုမ္ပဏီမှာတို့ အလုပ်မရဘူးလေ၊ ရတဲ့ အလုပ်ဝင်လုပ်ရတာပေါ့” သူမ ရန်ကုန်မြို့မှာ (၂)နှစ်လောက် အလုပ်လုပ်ရင်း မိသားစုကို ထောက်ပံ့ခဲ့ပေမယ့် စုမိစောင်းမိ မရှိခဲ့ကြောင်း၊ အမေကြီး နေမကောင်းတဲ့ အချိန်နဲ့ ညီမငယ် ဆယ်တန်းတက်သည့် အချိန်ငွေလိုအပ်ချက်ကြောင့် မိတ်ဆွေတစ်ဦးမှ နယ်စပ်တွင် ၀င်ငွေပိုရနိုင်ကြောင်း ပြောသဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မ ဒီကိုရောက်တော့ အနှိပ်ခန်းဘဲထင်တာ၊ ထင်တာနဲ့ တလွှဲစီဘဲ ဒါပေမယ့် ပိုက်ဆံပိုရတာနဲ့ အမေကြီးနဲ့ ညီမလဲ ကျောင်းကောင်းကောင်းနေနိုင်တယ် မောင်လေးလဲ ကျောင်းတက်နိုင်တယ်ဆိုတော့ အလုပ်လုပ်ရတော့တာပေါ့”
သူမအား ညလုံးပေါက် ပျော်ပါးရန်ခေါ်လျှင် တစ်ည ဘတ်(၂၀၀၀)မှ ဘတ်(၃၀၀၀)ကြားပေးရကြောင်း သူမမှာ တစ်ဝက်သာရပြီး ဆိုင်ရှင်မှ တစ်ဝက်ရကြောင်း၊ တစ်ကြိမ်ပျော်ပါးလျှင် ဘတ်(၃၀၀)ရှိကြောင်း တစ်ညလျှင် ဘတ်(၁၀၀၀)ကျော်ခန့်ရကြောင်း သိရပါသည်။
“ဒီကိုရောက်တာ (၁)နှစ်လောက်ရှိပြီ ရွာမှာ အိမ်ဆောက်ပြီးသွားပြီလေ ဧည့်သည်တွေက တစ်ခါတစ်လေ မုန့်ဖိုးပေးရင် စုထားတယ် ကျွန်မလည်း တစ်သက်လုံး လုပ်စားမှာ မဟုတ်ဘူး”
နေရောင်ခြည်ဝင်သွားပြီမို့ ဆိုင်ရှေ့မီးချောင်း အရောင်မှိန်မှိန်လေးက လင်းလက်လာပါတော့တယ်၊ ဒီအချိန်မှာတော့ မိန်းမပျိုလေး အရွယ်စုံ၊ ပုံစံစုံနှင့် ဆိုင်ရှေ့သို့ ထိုင်ခုံလေးကိုယ်စီကိုင်ရင်း ဘယ်သူများ ရောက်လာမလဲ၊ မနေ့က သူလား၊ ဘယ်ပုံစံမျိုးနဲ့ ဒီနေ့ဖြတ်သန်းရဦးမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကိုယ်စီတွေးနေမိကြတယ်လေ။
“မိန်းကလေးတော်တော်များများက မူးယစ်ဆေးဝါးသုံးစွဲကြတယ်၊ အဓိကတော့ ရာမလို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေပါ။ သူတို့အတွက်တော့ ဒါတွေက ကိုယ်ခန္ဓာကိုက်ခဲမှုတွေ၊ နာကျင်မှုတွေကို ပြေပျောက်စေပြီး၊ အိပ်ရေးပျက်ခံနိုင်တယ်ဆိုပြီး သုံးစွဲနေတာပါ”
တာချီလိတ်ရှိတဲ့ ပြည့်တန်ဆာခန်းတွေ အားလုံးကိုတော့ စားသောက်ဆိုင်လို့ ဒေသခံတွေက ခေါ်ဝေါ်ကြပါတယ်။ ဒီဆိုင်တွေမှာ ဒေသခံ တိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်း၊ အခါ၊ လားဟူ နဲ့ မြန်မာပြည် အရပ်ရပ်က လူမျိုးပေါင်းစုံလာရောက်ကြပါတယ်။ ဒီ ပြည့်တန်ဆာခန်းများ အနီးမှာတော့ “ဘောလုံးခုံ၊ ငါမန်းခုံ”ဟုခေါ်တဲ့ ဂိမ်းခုံများ ချထားတတ်ကြပြီး လောင်းကစားခုံတွေမှာ မူးယစ်ဆေးဝါးများလဲ ရရှိကြပါတယ်။
တကယ်တော့ သူတို့လေးတွေ ဘ၀ဟာ ကိုယ်ရှာသမျှကို အကုန်မရကြပါဘူး အများစုဟာလဲ ငွေကြေးစုစောင်းမိနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးနှင့် လောင်းကစားခုံများတွင် ရှာဖွေမိသမျှအား ကုန်ဆုံးကြကာ ဘ၀ကို လုံးခြာလည်လိုက်ပြီး ထွက်ပေါက်ပိတ်နေကြတာ အများစုပါ။ ဒီအထဲက တစ်ချို့သော သူတွေကတော့ စုမိစောင်းမိကြပြီး အိမ်ပြန်ပို့ကြပါတယ်။
ရောင်စုံချယ်ထားတဲ့ မျက်နှာတွေနဲ့ နောက်ဆုံးပေါ် Sexy အကျဆုံးဝတ်စုံတွေကို ရှာဖွေကာ ၀တ်ဆင်ကြပြီး သူမတို့ဘ၀ကို ဈေးခုံပေါ်တင်ပြီး ရောင်းချနေတာ သဘာဝပေမို့ မထူးဆန်းပေမယ့် အရသာကို အသာတစ်ငမ်းငမ်း စမ်းသပ်ချင်သူ ပုရိဿယောက်ျားတွေ အတွက်ကတော့ အိမ်က မဟုတ်တဲ့ တစ်ခြားတစ်ယောက်ရဲ့ အထိအတွေ ခဏတာ(၁၅)မိနစ်ခန့်ကို ခံစားဖို့ ဘတ်(၃၀၀)၊ ကျပ်(၁၀၀၀၀)လောက် အကုန်အကျခံကာ မြည်းစမ်းဖို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တစ်ယောက်ပြီးတစ်ယောက် ဆိုင်တန်းတွေဆီ ဦးတည်လာကြပါတယ်။ ခဏတာ နိဗ္ဗာန်လို့ထင်မိတဲ့သူတွေအတွက်တော့ နောက်က ငရဲခန်းတွေလဲ အစဉ်သင့်ပါဘဲ။
“ကျွန်မ တစ်ခါတစ်လေ တစ်အားမူးတဲ့သူတွေနဲ့ကျရင် သူတို့ကို ကွန်ဒုံးစွတ်ဖို့ ပြောပြရတယ်၊ တစ်ချို့လဲ မရဘူး၊ အဲ့ဒီအခါဆို ကျွန်မလဲ လက်မခံဘဲ အပြင်ထွက်လာလိုက်တယ်၊ ဒီဒေသမှာ ရောဂါဆိုးကြီးတွေရှိတယ် ဆိုတာသိတယ်လေ၊ ကျွန်မတို့ ထဲမှာလဲရှိတယ်”
အချိန်(၁၅)မိနစ်တာကို ဘတ်(၃၀၀)နဲ့ရောင်းစားခဲ့ပြီး ပင်ပန်းတဲ့ရုပ်သွင်လေးနဲ့ ရေဗူးလေးမော့သောက်ရင်း အပြုံးလေးတစ်ပွင့်နဲ့ပြောလိုက်တာကတော့ “လူတွေ အမျိုးမျိုးကို ဆက်ဆံရတာ မလွယ်ပါဘူး၊ တစ်ချို့က ဖါသည်ဆိုပြီး နှိမ်ချင်နေကြတာ၊ ကျွန်မ ပိုက်ဆံမရှိလို့၊ ပညာမတတ်လို့ အချိန်ပိုင်းခန္ဓာကိုယ် ရောင်းစားတာပါ၊ ကျွန်မ မလိမ်ဖူးဘူး၊ မခိုးဖူးဘူး”
သူမတို့မှာ တကယ်တော့ အလုပ်ခွင် အချိန်ဆိုတာ သီးသန့်မရှိပါဘူး၊ နေ့လည်ပိုင်း ဧည့်သည်လာရင်လည်း လုပ်ရတာဘဲ ဒါပေမယ့် ညပိုင်းမှာပိုများကြပါတယ်။
အရောင်ခပ်ဖျော့ဖျော့ မီးလုံးအနီရောင်လေး ချိတ်ထားတဲ့ တဲငယ်လေးထဲမှာ ထိုင်နေရင်း လမ်းပေါ်က ဆိုင်ကယ်သံကြားရင် “ကိုကြီး လည်မလား၊ ၀င်ကြည့်ကြည့်လေ”ဟူသော အသံစာစာလေးက ဆိုင်ကယ်တစ်စီး ဖြတ်သွားတိုင်း ဟိုတစ်ဆိုင်ဒီတစ်ဆိုင်မှ ထွက်လာတတ်ပါတယ်။ မည်သူများ လှည့်ဝင်လာမလဲဟူသော စိတ်ကလေးများနှင့် မျှော်နေတတ်ကြပြီး အားလပ်ချိန်ခဏအတွင်း ကြုံရာ အကြောင်းပြောကြားရင်း ငြင်းခုန်နေကြပါတော့တယ်။
သူမ“ငြိမ်းငြိမ်း”ကတော့ ပျယ်လွင့်သွားတဲ့နုတ်ခမ်းနီကို ပြန်လည်ချယ်ရင်း မိတ်ကပ်လူးရင်းနဲ့ ကျွန်မကို အစ်ကိုကြီးတစ်ယောက်က လက်ထပ်ဖို့ပြောတယ် ဒါပေမယ့် မဖြစ်ပါဘူး။ ကျွန်မအိမ်ကို လုပ်ကျွေးချင်သေးတယ်။ သူများလို ရည်းစားတော့ထားချင်တာပေါ့ ဒါပေမယ့် ကိုယ့်ကို တကယ်ချစ်ရဲ့လားဆိုတာ သိမှမသိနိုင်တာ သူလဲကိုယ့်မယုံ ကိုယ်လဲသူမယုံဆိုတော့ အဆင်မပြေနိုင်ပါဘူး”ဟု သက်ပြင်းရှိုက်သံသဲ့သဲ့လေး ညည်းရင်းပြောပြသည်။
တစ်ခါတစ်လေတော့ နိုင်ငံခြားသားတွေ လာတယ်လေ။ အဲ့ဒီနေ့ဆိုရင် မုန့်ဖိုးပိုရတာပေါ့။ ထိုင်းနိုင်ငံသားတွေလဲလာတယ်၊ အစုံဘဲ။ လူငယ်တွေတော့ မူးလာရင် ဒီဘက်ခြေဦးတည် လာကြတာများတယ်။
တာချီလိတ်မြို့တွင် ပြည်တန်ဆာခန်းများ ရာဂဏန်းနီးပါးခန့်ရှိပြီး တော်ကော့်တွင်းရပ်ကွက်၊ ၀ိန်းကျောက်ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဟောင်လိတ်ရပ်ကွက်နှင့် မယ်ယန်းကျေးအနီးတွင် ရှိသည်။
မြန်မာနိုင်ငံအနှံအပြားမှ မိန်းမပျိုများ အကြောင်းအမျိုးမျိုးဖြင့် တာချီလိတ်သို့ ကာရာအိုကေနှင့် အနှိပ်ခန်းများတွင် လာရောက် အလုပ်လုပ်ကိုင်မှုရှိရာ တစ်ချို့သော မိန်းမပျိုများသည် လူပွဲစားများမှ ခေါ်ဆောင်စဉ်အချိန်တွင် အနှိပ်ခန်းများတွင်သာ အလုပ်လုပ်ရမည်ဖြစ်ကြောင်းပြောဆိုသော်လည် ပြည်တန်ဆာခန်းများသို့ရောက်ရှိသွားတတ်ကြောင်း၊ မိန်းမပျိုလေးများမှ ငွေကြေးများယူဆောင်ထားမိခြင်းကြောင်း မရှောင်လွှဲသာတော့သဖြင့် ဘ၀များဆုံးရှုံးနေရခြင်းဖြစ်သည်။
“ဒီဒေသမှာ ကျွန်မနဲ့သိတဲ့သူမရှိဘူးလေ ဒါကြောင့်လဲ မထူးဘူးဆိုပြီး ရေစုန်မျှောနေတာ ရည်မှန်းထားသလောက် ရရင်တော့ ပြန်တော့မယ် အိမ်မှာဈေးဆိုင်လေးဖွင့်ပြီး လုပ်ကိုင်စားသောက်ဖို့ရည်ရွယ်ထားပါတယ်”
တစ်နေ့နေ့ တစ်ချိန်ချိန်ဆိုတဲ့ မျှော်လင့်ချက်လေး ရင်မှာထည့်ရင်း သူတို့ဘ၀လေးတွေကို ခဏ ခဏ ဆိုတဲ့ အချိန်ပိုင်းတွေကို အခကြေးငွေနဲ့ လဲလှယ်ရင်း ကုန်ဆုံးနေရတာပါ၊ တစ်ချို့သောသူများကတော့ (၄၊ ၅)နှစ် ကြာတာတောင် ရည်မှန်းချက်မပြည့်နိုင်လို့ အိမ်မပြန်နိုင်ကြဘူး၊ တစ်ချို့သောသူများကတော့ သူတို့ မျှော်လင့်ချက်တွေကို မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ လှဲလှယ်လိုက်ကြပြန်တယ်၊ တာချီလိတ်က လိင်လုပ်သား မိန်းမပျိုလေးတွေကတော့ ပြည်တွင်းကလို “ရဲ”ကြောက်စရာမလိုပေမယ့် ဆိုင်ရှင်တွေမှာ ကြိုထုတ်ထားမိတဲ့ ငွေကြေးတွေအတွက် သံသရာမဆုံးအောင် လည်ပတ်နေရပါတယ်။
တစ်ချို့တစ်ချို့က တော့ရုန်းထွက်ချင်ပေမယ့်၊ ရုန်းမထွက်ဝံဘူး၊ တစ်ချို့က ရုန်းထွက်နိုင်ပေမယ့် ဘ၀မှာ ရောဂါဆိုး အမည်းကြီးနဲ့ လူမှုရေးအမည်းကြီးနဲ့ ရုန်းကန်နေရတုန်းပါဘဲ။