တာချီလိတ်မြို့နယ် မိုင်းဖုန်း( က ) ကျေးရွာအုပ်စု ၀မ်ပုံကျေးရွာ အခြေခံပညာတွဲဖက်
အလယ်တန်းကျောင်းမှ အလယ်တန်းကျောင်း အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားအား
ယနေ့ ဇွန်လ(၁၉)ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့ ဥပစာတွင် ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့နယ်ပညာရေးကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှနှင့် တာဝန်ရှိသူများက ကျောင်းသူ၊ ကျောင်းသားလေးများနှင့်အတူ ကျောင်းဆိုင်းဘုတ်အား ဖွင့်လှစ်ပေးကာ ဂုဏ်ပြုအမှာ စကားများ ပြောကြားကြသည်။
"ကျွန်တော်တို့ ဒေသမှာ အရင်ကဆို တွဲဖက်အလယ်တန်းကျောင်း အဆင့်သာရှိခဲ့တဲ့ အတွက် အလယ်တန်း အောင်မြင်ပြီးသွားရင် အထက်တန်းပညာကို တာချီလိတ်မှာသွားရောက် သင်ယူရပါတယ်။ နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေရှိနေတော့ အချို့တ၀က်သာ အထက်တန်းပညာကို ဆက်သင်နိုင်ပြီး ကျန်အများစုကတော့ ပညာရေးမှာ ခါးကြောပြတ်သွားပြီး တောင်သူယာလုပ် ၊ အရောင်းအ၀ယ်သမားတွေပဲ ဖြစ်ကုန်တာများပါတယ်.."ဟု ဒေသခံရှမ်းတိုင်းရင်းသား ဦးစိုင်းကျောက်က မုဒိတာစကား ဆိုသည်။
"အခုဆို အလယ်တန်း အဆင့်ကိုတိုးမြှင့်လိုက်ပြီမို့ မကြာမီကာလအတွင်း နိုင်ငံတော်ကနေ အထက်တန်းကျောင်း အဆင့် တိုးမြှင့်ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ဒေသအတွက် ပညာတတ်တွေ ပေါ်ထွန်းလာတော့မှာပါ.."ဟု ၎င်းမှ ဆက်လက်ပြောဆိုသည်။
ဝမ်ပုံကျေးရွာသည် မြန်မာ - လာအို နယ်စပ်ဒေသ မဲခေါင်မြစ်ကမ်းနဖူးတွင် တည်ရှိပြီး ရှမ်း - အာခါ - လားဟူ နှင့် ပလောင် တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြကာ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြပြီး ဒေသတွင်းနေ ရင်သွေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက် အခြေခံပညာမူလတန်းကျောင်းအား ၁၉၆၀ပြည့်နှစ် ဇွန်လ(၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းကျောင်းအဆင့်သို့ နိုင်ငံတော်မှ တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ ယခုပညာသင်နှစ်တွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၂၄၃)ဦး တက်ရောက်သင်ကြားလျှက်ရှိပြီး ဆရာ၊ ဆရာမ စုစုပေါင်း (၁၃)ဦး တာဝန်ထမ်းဆောင်
လျှက်ရှိကြောင်းသိရသည်။
၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်အတွင်း တာချီလိတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ
အနက် ပုန်းထွန် အလယ်တန်းကျောင်းအား တွဲဖက် အထက်တန်းကျောင်းအဆင့်သို့လည်းကောင်း၊ ၀မ်ပုံ တွဲဖက် အလယ်တန်းကျောင်းအား အလယ်တန်းကျောင်းအဆင့် ၊ ကြိုးတံတား နှင့် နမ့်ဝမ်း
ကျေးရွာ မူလတန်းကျောင်းများအား မူလတန်းလွန် အဆင့် ၊ ဟွေဝုန်း ၊ နမ့်ဆီး (အပေါ်) ၊ မေအော ၊
နမ့်ကိုင်းနေ ကျေးရွာများရှိ ကိုယ့်အားကိုယ်ကိုးကျောင်းများအား အခြေခံပညာမူလတန်းကျောင်းများ
အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကာ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ကျောင်းသူကျောင်းသား
စုစုပေါင်း (၂၃၆၄၆)ဦး ပညာသင်ကြားလျှက်ရှိကြောင်း သိရှိရသည်။
သတင်း/ဓါတ်ပုံ။ ။ မောင်ယဉ်ကျေး