ကျပ်သိန်းပေါင်း နှစ်ထောင့်နှစ်ရာကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ နယ်စပ်တွင် ဖမ်းမိ

ကျပ်သိန်းပေါင်း နှစ်ထောင့်နှစ်ရာကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ နယ်စပ်တွင် ဖမ်းမိ
ဇွန် 19, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါး နှိမ်နင်းမှုအဖြစ် မဲခေါင်စစ်ဆင်ရေး(၂)အား အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်ရာမှ ယနေ့ ၂၀၁၅ခုနှစ် ဇွန်လ(၁၉)ရက် ညနေ(၃း၃၀)နာရီဝန်းကျင်က ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးအုပ်စုတွင် ကျပ်သိန်းပေါင်း (၂၂၅၀)သိန်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်တပ်ဖွဲ့စု (၁၀၄)နေပြည်တော် နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် အပါအ၀င် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးအုပ်စုရှိ နမ့်ဖြန်ရွာတွင် နေထိုင်သူ အိုက်ထောင်း နှင့် အိုက်အန်တို့၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာမှ နေအိမ်တွင် အိုက်ထောင်းအား မတွေ့ရှိရဘဲ၊ အိုက်အန်ကိုသာ တွေ့ရှိပြီးနောက် ဆက်လက် ရှာဖွေရာမှ အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

ရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးများတွင် Y-1 တံဆိပ်ပါ ဖယောင်းစက္ကူဖြင့် ပတ်လျက် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါသည့် အထုပ်ကြီး (၁၅)ထုပ်ကို တွေ့ရှိရာ စုစုပေါင်း အရေအတွက်မှာ စိတ်ကြွဆေးပြား အပြား(၉၀၀၀၀)ရှိပြီး အလေးချိန်အားဖြင့် (၉)ကီလိုရှိရာ ကာလတန်ဖိုးငွေမှာ စုစုပေါင်း ကျပ်(၂၂၅၀)သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အိုက်အန် နှင့် တိမ်းရှောင်နေသူတို့အား မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ မယ(ပ)၅/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~