တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် န၀မတန်း(ဃ)၌ ပညာသင်ကြားနေသော အသက်(၁၅)နှစ် ၀န်းကျင်ရှိ မောင်ဂျေအောင်အောင်ဦးသည် ကျောင်းသွားရာမှ တဆင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် မိဘများမှ အပူတပြင်း လိုက်လံရှာဖွေနေသည်ဆိုသည့် သတင်းအား ဇူလိုင်လ(၃)ရက်နေ့က ဖော်ပြခဲ့ပြီးနောက် အဆိုပါ ကလေးမှာ ဇူလိုင်လ(၃)ရက်နေ့ ညပိုင်းမှာပင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ၎င်း၏ ဖခင်ဖြစ်သူ ဦးခင်မောင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောလာသည်။
"သူ့ငယ်ချင်းရှိတဲ့ ပါလျှံဘက်က ရေဆေးခုံမှာ နေနေတာလို့ပြောတယ်၊ မနေ့ညက အဲ့ဒီက ပိုင်ရှင်က အင်တာနက်မှာ မင်းသတင်းပါလာတယ်၊ မိဘတွေ စိတ်ပူနေတယ်၊ ဒီမှာ မနေတော့နဲ့ အိမ်ပြန်လိုက်တော့လို့ ပြောတာနဲ့ သားက ပြန်လာတာလို့ ပြန်ပြောပြတယ်၊ ကျွန်တော့်မှာလည်း သူ့အမေက နေမကောင်း၊ သားကပျောက်နေ ဆိုတော့ စိတ်တော်တော်ဒုက္ခရောက်ခဲ့ရတယ်၊ အခုတော့ ပြန်တွေ့လို့ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ..."ဟု ၎င်းမှ ပြောပြသည်။
မောင်ဂျေအောင်အောင်ဦး ပျောက်နေသည့် ကိစ္စနှင့် ပတ်သက်၍ အင်တာနက်သုံးသူများ သိရှိနိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းမှ ဦးလှမိုးမှ ကနဦးဖော်ပြသလို၊ တာချီလိတ်သတင်းအေဂျင်စီမှလည်း ဖော်ပြခဲ့ရာ သတင်းဖော်ပြမှု တစ်ရက်အတွင်းမှာပင် အဆိုပါ ကျောင်းသားလေးမှာ ပြန်လည်၍ နေအိမ်သို့ ရောက်ရှိလာသည့်အတွက် Facebook တွင် Share ကြသူများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။
⊰❂ #TachileikNewsAgency #TachileikOnlineNews www.tachileik.net ❂⊱
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~