ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်း ဇူလိုင်လ(၂၁)ရက် နံနက်ပိုင်းက ငါးများအစုလိုက် အပြုံလိုက် သိန်းချီ သေဆုံးသွားရာ ကန်အတွင်းမှ ငါးအသေများကို နှစ်ရက်တိုင်တိုင် ဆယ်ယူဖယ်ရှားသော်လည်း လက်စမသတ်နိုင်သေးကြောင်းနှင့် ယခုလို သေဆုံးမှုသည် ကန်အတွင်း ရေသစ်မ၀င်ခြင်းနှင့် ရေထုညစ်ညမ်းမှုအပြင် ငါးအကောင်ရေ သိပ်သည်းမှုများကြောင့် အသက်ရှုမ၀ကာ သေဆုံးရတာ ဖြစ်ကြောင်း မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
"မိုးမရွာတာတွေကြောင့်ရယ် ရေသစ်မ၀င်ပဲ၊ ရေဟောင်းများနေတဲ့အပြင် ရေတွေပါ ပူနွေးလာတယ်၊ နောက်ပြီး ရေထုညစ်ညမ်းမှုကြောင့် အပါအ၀င်ပေါ့၊ နောက်ပြီး ငါးတွေကလည်း သိပ်သည်းလာတော့ အောက်စီဂျင် မလောက်တော့တဲ့ သဘောဖြစ်သွားတာ၊ အဲ့ဒီအခါမှာ ငါးတွေ သေကုန်တာလို့ ပြောလို့ရပါတယ်၊ အများပြောသလို အဆိပ်ကြောင့်ဆိုတာတော့ မဟုတ်ပါဘူး.."ဟု မြို့နယ်အဆင့် တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"လောလောဆယ်မှာတော့ ကျွန်တော်တို့ ရေထဲမှာ အညစ်အညမ်းတွေ လျော့ပါးသွားအောင်လို့ ထုံးဖြူးထားတာတွေ၊ အဆီတွေအညစ်ညမ်းတွေကို လျော့စေမဲ့ ငှက်ပျောတုံးတွေလည်း ထည့်ထားပါတယ်၊ အခုလောလောဆယ်မှာတော့ ရေထဲမှာ မသေ သေးတဲ့ ငါးသေးသေးလေးတွေလည်း တော်တော်များများ ကျန်သေးတယ်၊ ကန်ထဲ ရှင်းလင်းရေးအနေနဲ့ နက်ဖြန်မှာ ကျွန်တော်တို့ လက်စသတ်တော့မှာပါ၊ နောက်ပြီး ကန်ထဲကိုလည်း ရေသစ်သွင်းဖို့ရယ်၊ ရေညစ်ညမ်းတာတွေ ထွက်ဖို့ရယ် လုပ်နေပါတယ်..."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။
"မနေ့က(ဇူလိုင်၂၁)ကျွန်တော်တို့ အသင်းသားတွေ နေပူထဲမှာ အားတက်သရော ငါးသေတွေကို ဆယ်ယူလိုက်ကြတာ၊ အနံ့အသက်တွေက မကောင်းတော့ အသင်းသား တစ်ချို့ နေမကောင်းဖြစ်သွားလို့ ဒီနေ့တော့ အသင်းသား၊ အသင်းသူ (၁၀)ဦးလောက်နဲ့ အားလုံးပူးပေါင်းပြီး ငါးသေတွေကို ဆယ်ယူခဲ့ကြပါတယ်..."ဟု နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ) ဥက္ကဌ ဦးကျော်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"ကန်ထဲကို အမှိုက်သရိုက်တွေ၊ အညစ်အကြေးတွေနဲ့ ငါးကို ထိခိုက်သေဆုံးစေနိုင်တဲ့ ဓါတုစွန့်ပစ်ပစ္စည်းတွေကို ကန်ထဲမှာ စည်းကမ်းမဲ့ စွန့်ပစ်ကြတာတွေ၊ ရေစီးရေလာ မကောင်းဘဲ တော်တော်ကြာကြာ ကန်ထဲမှာ ရေပုပ်နေတာတွေကြောင့် အခုတော့ ငါးတွေ မသေသင့်ဘဲ သေကြရတယ်၊ ဒီကန်ကို ဘာအကျိုးအမြတ်မှ မမျှော်ကိုးပဲ ထိန်းသိမ်းစောင့်ရှောက်ရမဲ့ အဖွဲ့တော့ ကောင်းကောင်းထားသင့်တယ်၊ ဘာလို့လည်းဆိုတော့ ဒီကန်ဟာ ကျွန်မတို့ မမွေးခင်ကတည်းက ရှိနေတဲ့ သမိုင်းဝင်ကန်တစ်ခုမို့ပါ.."ကျိုင်းတုံဒေသခံ အမျိုးသမီး တစ်ဦးက ဆိုသည်။
ယနေ့ ဇူလိုင်လ(၂၂)ရက်နေ့တွင် နောင်တုံကန်အတွင်း သေဆုံးပြီးသော ငါးသေများနှင့် ထပ်မံသေဆုံးလာသော ငါးသေများကို ကျိုင်းတုံတပ်နယ်မှ တပ်မတော်စစ်သည်များ၊ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်းများ၊ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ) မှ အသင်းသား၊ အသင်းသူများနှင့် ဒေသခံပြည်သူများမှ ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ကြကြောင်း နှင့် ဇူလိုင်လ(၂၁)ရက်နေ့က အဆိုပါ ငါးသေများကို နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ)မှ စတင်ဆယ်ယူခဲ့ကြောင်း သိရသည်။
သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ။ ။ ကိုသန်းဝင်းအောင် ( နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ) )