သြဂုတ်လ(၄)ရက်နေ့အကူး အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် လူဦးရေ (၆) ဦးပျောက်ဆုံးကာ လူနေအိမ်ခြေများ ရေစီးဖြင့် မျောပါပျက်စီးခဲ့ရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ (၃)ရက် ည(၁၁)နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုင်းလပ်မြို့
မိုင်းပါလျှိုးအုပ်စု ၀မ်မီးမိုင်ချောင်းအတွင်း ရေစီးရေလျှံမှုဖြစ်ပွားရာ နမ့်ကိုင်းရွာရှိ နေအိမ် (၁၈)လုံး ၊
နမ့်ဖြန်ရွာရှိ နေအိမ် (၃)လုံး ၊ ကျိုင်းလပ်အုပ်စုရှိ ၀မ်မီးမိုင်ရွာမှ နေအိမ် (၃)လုံး ၊ စုစုပေါင်း နေအိမ်(၂၄)လုံး ရေစီးဖြင့် မျောပါသွားခဲ့ကာ နေအိမ်အချို့ရှိ အိမ်ထောင်ပရိဘောဂများ ၊ ၀မ်မီးမိုင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ စာရေးခုံများ စားပွဲများ ရေစီးဖြင့် မျောပါပျက်စီးခဲ့ကြောင်း သိရသည်။
ဝမ်မီးမိုင်ချောင်းရေစီး အရှိန်ကြောင့် နမ့်ကိုင်းရွာနေ ဦးနန်ခမ်း (၄၇နှစ်) ၊ ၎င်း၏ ဇနီး
ဒေါ်အီနွန်း ( ၄၀ နှစ်) ၊ ဒေါ်အီခမ်း (၃၁ နှစ် ) ၊ ဒေါ်အီခမ်း၏ သားဖြစ်သူ အိုက်အွန်ကျောက် ( ၃ နှစ် ) ၊ ဒေါ်အီရှဲန် (၅၆ နှစ်) ၊ မစုရတီအောင် (၁ နှစ်) တို့မှာ ရေစီးဖြင့်မျောပါ ပျောက်ဆုံးလျှက်ရှိသည်။
ထို့အပြင် ရေစီးမှု အရှိန်ကြောင့် နမ့်စန်တံတား ၊ နမ့်ခင်းတံတား ၊ ခရေဦး တံတား ၊ ကော်မိုက်
ဟုန်နှင့် ကျကရွာကြားတံတား ၊ ၀မ်မီးမိုင်တံတား ၊ ကျကရွာနှင့် ၀မ်မီးမိုင်ရွာကြားရှိတံတား ၊ စုစုပေါင်း တံတား( ၇) စင်း ပျက်စီးခဲ့ကာ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့သည်။
ရေကြီးမှုဖြစ်စဉ်အား သိရှိရသည်နှင့်တပြိုင်နက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများသည် သန္ဓေနှင့်အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ရေး
ပစ္စည်းများဖြင့် သဘာဝဘေးကြုံတွေ့ရာ ကျေးရွာများသို့ အလျင်အမြန် သွားရောက်ကာ ကယ်ဆယ်ရေး
လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိသော်လည်း ရာသီဥတုဆိုးရွားမှုနှင့် တံတားများ မျောပါ ပျက်စီးမှုများကြောင့် ခြေလျင်ခရီးဖြင့် ခက်ခဲစွာ သွားရောက်ဆောင်ရွက်နေရသဖြင့် ကယ်ဆယ်ရေး
လုပ်ငန်းများ အဟန့်အတားဖြစ်လျှက်ရှိသည့်အပြင် ရေစီးပြင်းထန်နေသည့် မဲခေါင်မြစ်ကြောင်းအား ဆန်တက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သြဂုတ်လ (၃)ရက်ညက တစ်ညလုံး သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် တာချီလိတ်မြို့ပေါ်
ရပ်ကွက် အချို့တွင်လည်း ရေကြီးနစ်မြုပ်မှုများရှိခဲ့ပြီး လူနှင့်ကျွဲနွားတိရိစ္ဆာန်များ သေကြေပျက်စီး
မှုမရှိသော်လည်း တာချီလိတ် -ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ် ဧဒင်ရွာ နှင့် မယ်ဟုတ်
တံတားအကြား လမ်းမပေါ်တွင် လမ်းရေတိုက်စားသွားသည့်အတွက် ၁၅ ပေခန့်ပျက်စီးခဲ့ကာ
လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့ရကြောင်း သိရှိရသည်။
ဓါတ်ပုံ။ ။ ကိုနေမျိုး၊ ဦးစိုင်းလုံစံခတ်
သတင်း။ ။ မောင်ယဉ်ကျေး