တာချီလိတ်မြို့သူ မြို့သားများ၏ ကောင်းမှုဖြင့် တာချီလိတ်ခရိုင် ကျိုင်းလပ်နှင့် ရခိုင်ပြည်နယ်ရေဘေးသို့ ထောက်ပံ့ပစ္စည်း လှူဒါန်း

တာချီလိတ်မြို့သူ မြို့သားများ၏ ကောင်းမှုဖြင့် တာချီလိတ်ခရိုင် ကျိုင်းလပ်နှင့် ရခိုင်ပြည်နယ်ရေဘေးသို့ ထောက်ပံ့ပစ္စည်း လှူဒါန်း
သြဂုတ် 6, 2015
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ရေဘေးကျရောက်နေသော ဒေသများသို့ သွားရောက် ထောက်ပံ့နိုင်ရန်အတွက် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် ဇူလိုင်လ(၂၈)ရက်နေ့က စတင်ကာ တာချီလိတ်မြို့တွင် သူရိယသင်္ကန်းတိုက်၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)အပြင် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတို့၌ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများအား လက်ခံထားရှိရာ ထောက်ပံ့ ပစ္စည်းများနှင့် အလှူငွေများ အမြောက်အများရရှိပြီး သြဂုတ်လ(၅)ရက်နေ့တွင် ပထမအကြိမ်အဖြစ် တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့် ဒေသနှင့် ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသသို့ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ကာ ထောက်ပံ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများအတွက် တာချီလိတ်မြို့သူ၊ မြို့သားများမှ စုပေါင်း လှူဒါန်းထားသော ထောက်ပံ့ပစ္စည်းများထဲမှ အချို့အား ရခိုင်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်လ(၅)ရက်နေ့တွင် တာချီလိတ်စစ်ဗျူဟာမှူး၏ ကူညီပေးမှုဖြင့် လေကြောင်းဖြင့် ပို့ဆောင် လိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့သို့ ပို့ဆောင်ရာတွင် ပါဝင်သည့် ထောက်ပံ့ပစ္စည်းများမှာ ဆီ(၆)ဒါဇင်၊ ဆန်(၁၀)အိတ်၊ ခေါက်ဆွဲ ဖာ(၃၀)၊ ခေါက်ဆွဲ ဖာကြီး(၁၀)ဖာ၊ ခေါက်ဆွဲဖာ(6in1) (၁၀)ဖာ၊ အ၀တ်အထည်မျိုးစုံ ဆာလာအိတ်ဖြင့် (၁၉)အိတ်၊ သင်္ကန်းအစုံအလင်ပါဝင်သည့် ဆာလာအိတ်(၂)အိတ်၊ ငါးသေတ္တာ(၂)ဖာ စသည်တို့ကို ဆာလာအိတ် (၃၆)အိတ်ဖြင့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)၏ စီမံပေးမှုဖြင့် စနစ်တကျ ထုတ်ပိုးကာ ပို့ဆောင်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့သူ၊ မြို့သားများမှ လှူဒါန်းထားသည့် ရေဘေးသင့် ထောက်ပံ့ပစ္စည်းများကို သြဂုတ်လ (၅)ရက်နေ့တွင် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်ရေဘေးသင့်ပြည်သူများအတွက် ဆန်(၁၀)အိတ်၊ ဆီ(၁၀)ပုံး၊ ခေါက်ဆွဲ(6in1) (၁၀)ဖာ၊ ငါးသေတ္တာ (၈)ဖာ နှင့် ရေကဒ် (၈)ကဒ်တို့ကို ထောက်ပံ့ပေးအပ်ရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ရေဘေးကယ်ဆယ်ရေးအဖွဲ့မှ ၀မ်ပုံဆိပ်ကမ်းမှ တဆင့် မဲခေါင်မြစ်အတိုင်း သွားရောက်ကာ ထောက်ပံ့ကြောင်း နှင့် ယခုအကြိမ်သည် ပထမအကြိမ်ဖြစ်ပြီး ဆက်လက်၍လည်း ပို့ဆောင်ကာ ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ စေတနာရှင်များနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုအဖြစ် ရရှိထားသော ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများထဲမှ အချို့တစ်ဝက်အား သြဂုတ်လ(၉)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ရန်အတွက် စီစဉ်ထားရှိပြီးကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်ရှိ ရေကြီးရေလျှံမှုတွင်လည်း စဉ်ဆက်မပြတ် သွားရောက် ထောက်ပံ့လှူဒါန်းရန် အတွက်လည်း စီစဉ်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~