ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ် နှင့် ကျောက်တော်မြို့နယ် အသီးသီးတို့ရှိ ကျေးရွာအုပ်စု (၁၂၅)စု နှင့် ကျေးရွာပေါင်း(၂၂၅)ရွာတို့တွင် သဘာဝဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအဖြစ် ပြုပြင်ဆောင်ရွက်မှုများ အချိန်အတိုအတွင်း လျင်မြန်စွာဖြင့် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်မှုကို ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ လမ်းညွန်မှုဖြင့် ကျောက်တော်တပ်နယ်မှ တပ်နယ်မှူး၏ အနီးကပ် ကွပ်ကဲမှုနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကျောက်တော်မြို့နယ်တွင် ရေကန်ပေါင်း(၇၀)ကန်၊ စာသင်ကျောင်း(၁)ကျောင်း ၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ ရွာလမ်းပြုပြင်မှု (၂)လမ်း၊ မြောက်ဦးမြို့နယ်တွင် ရေကန်ပေါင်း (၁၂၆)ကန် စာသင်ကျောင်း(၄၂)ကျောင်း၊ ဘုန်းကြီးကျောင်း(၃၅)ကျောင်း ရွာလမ်းပြု ပြင်မှု(၁၀)လမ်း၊ ကျန်းမာရေးဌာန(၃)ခု နှင့် နေအိမ်(၁၀၄)လုံးကို ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် မင်းပြားမြို့ နယ်တွင် ရေကန်ပေါင်း (၈၈)ကန် ၊ စာသင်ကျောင်း(၃၈)ကျောင်း၊ ဘုန်းကြီးကျောင်း (၂၆)ကျောင်း၊ ရွာလမ်းပြုပြင်မှု (၂၄)လမ်း နှင့် နေအိမ် (၁၃)လုံး တို့အား သြဂုတ်လ (၃)ရက်နေ့ မှ (၂၂)ရက် အတွင်း ကျောက်တော်/မြောက်ဦး/ မင်းပြားတပ်နယ်များမှ အရာရှိ၊ အရာခံ စစ်သည် တပ်မတော်သားများမှ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း နှင့် အချိန်တိုအတွင်း လျင်မြန်စွာ ဆောင်ရွက် ပေးနိုင်ခဲ့သည့် အပြင် ဒေသခံပြည်သူများအတွက် သောက်သုံးရေ ဂါလံပေါင်း (၁၃၇၄၀၀) ကိုလည်း ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုလို အချိန်အတိုအတွင်း နယ်မြေခံတပ်မတော်သားများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုကြောင့် အတိုင်းမသိ ဝမ်းသာကြည်နူးမိပြီး ကျေးဇူးအထူးတင်ရှိကြောင်း မြောက်ဦးမြို့မှ ဒေသခံ ဦးအောင်သိန်းချေမှ ကျေးဇူးတင်စကား ဆိုသည်။
သတင်း။ ။ စည်သူမောင်