လားဟူတိုင်းရင်းသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ပညာရေးအစီအစဉ်အဖြင့် ပညာရေးကူညီမှူဖောင်ဒေးရှင်း အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ - ၂၀၁၅ခုနှစ် ပညာရေးနှစ်အတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၅)ဦးအား ပညာရေးထောက်ပံ့မှုအဖြစ် ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။
နေ့ကျောင်းတက်နေသူများကို တစ်ဦးလျှင် ကျပ်(၁)သိန်းခွဲနှုန်းနှင့် အဝေးသင်ကျောင်းတက်နေသူများကို တစ်ဦးလျှင် (၅)သောင်းကျပ်နှုန်းဖြင့် အဝေးသင်ကျောင်းသား၊ ကျောင်းသူ (၃၉)ဦး နှင့် နေ့ကျောင်းတက်သူ (၂၆)ဦး စုစုပေါင်း (၆၅)ဦးရှိကြောင်း သိရသည်။
ထိုသို့ ကူညီထောက်ပံ့နိုင်ရန်အတွက် တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို လျှောက်လွှာတင်ခိုင်းစေခဲ့ပြီးမှ လျှောက်လွှာများကို ပညာရေးဆပ်ကော်မတီက စိစစ်ကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကာ ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ကြောင်း အဆိုပါ ပညာရေးဖောင်းဒေးရှင်းမှ သိရသည်။
အဆိုပါ ပညာရေးဖောင်ဒေးရှင်းသို့ ၂၀၁၅ခုနှစ် သြဂုတ်လ(၃)ရက်နေ့က ရွှေဘူးသီးဟိုတယ်ပိုင်ရှင် ဦးဂျင်မီ + ဒေါ်လှလေး မိသားစုတို့မှ ငွေကျပ်သိန်း (၂၀၀)တိတိကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယင်းဖောင်ဒေးရှင်း၏ စည်းကမ်းသတ်မှတ်အနေဖြင့်"လားဟူတိုင်းရင်းသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကူညီမှုဖောင်ဒေးရှင်း အစီအစဉ်အရ ပေးအပ်လျှက်ရှိသော ပညာသင်ထောက်ပံ့ကြေးကို ဤဖောင်ဒေးရှင်းအား တာဝန်ယူ ဆောင်ရွက်နေသော ကော်မတီဝင်များ၏ သားသမီးများ လျှောက်ထားခွင့်နှင့် အကျိုးခံစားခွင့် တစ်စုံတစ်ရာ လုံးဝ မရှိကြောင်း"ကိုလည်း အထူးသတ်မှတ်ထားကြောင်း သိရသည်။
လားဟူတိုင်းရင်းသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ပညာရေးအစီအစဉ်အဖြင့် ပညာရေးကူညီမှူဖောင်ဒေးရှင်းအား ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအနေဖြင့်၊ တာချီလိတ်(ဗဟို)၊ မိုင်းတုံ၊ သိန္ဒီ၊ မိုင်းဆတ်၊ နမ့်စမ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရှုး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းခတ်မိုင်းယန်း၊ မိုင်းပျဉ်း၊ မိုင်းယောင်း၊ မက်မန်း နှင့် ကွန်ဟိန်းမြို့တို့တွင် ဖြန့်ကျက်ကာ ဆပ်ကော်မတီများဖြင့် ဖွဲ့စည်းထားပြီး လားဟူတိုင်းရင်းသား၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကူညီပေးနေလျက်ရှိကြောင်း သိရသည်။