နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား တာချီလိတ်၌ ကျင်းပ

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား တာချီလိတ်၌ ကျင်းပ
စက်တင်ဘာ 8, 2015
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၅ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ စက်တင်ဘာလ (၈)ရက်၊ နံနက် (၉)နာရီ အချိန်က မကာဟိုခမ်းရပ်ကွက်ရှိ တာချီလိတ် အခြေခံပညာအထက် တန်းကျောင်း၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး လှမင်း၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းနှင့် ဆရာ၊ဆရာမများ၊ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြော ကြားရာတွင် မြန်မာနိုင်ငံ၌ လူတိုင်းအတွက် ပညာရေးမျှော်မှန်းချက်ကို ရောက်ရှိစေရေး ၂၀၁၅ခုနှစ်တွင် စာတတ် မြောက်မှုနှုန်း (၉၉)ရာခိုင်နှုန်း ရောက်ရှိစေရန် ရည်ရွယ် ဆောင်ရွက်နေသည့်အပြင် ကျောင်းပြင်ပ ပညာရေးနှင့် စဉ်ဆက်ပညာရေး အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ကျေးလက်ဒေသ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးကြိုးပမ်းမှုတွင် စဉ်ဆက် ပညာရေးဆောင်ရွက်မှုသည် အင်အားတစ်ရပ်ဖြစ်လာခဲ့ပြီး၊ အခြေခံစာတတ်မြောက် ပြီးသူများအတွက် ဘ၀တစ်သက်တာ အသုံးပြုရမည့် အရေးအဖတ်တို့အား ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ရပ်ရွာပညာပဒေသာဌာနများလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားသည်။

တဆက်တည်းမှာပင် မြို့နယ်အတွင်း ၂၀၁၅ခုနှစ်၊ ဧပြီလတွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စာတတ်မြောက်ရေးလှုပ်ရှားမှုအား စာသင်ဝိုင်း(၂၇)၀ိုင်းဖြင့် သင်ကြားနိုင်ခဲ့ကြောင်း၊ ကျောင်းနေအရွယ် ကလေးများအား ကျောင်းနေရေး၊ စာမတတ်သူပပျောက်ရေး နွေရာသီ “ အ ” သုံးလုံးသင်တန်းများတွင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် ကျေးရွာများက ရပ်ရွာပညာပဒေသာဌာန များဖွင့်လှစ်ကာ အကျိုးရှိအောင် အသုံးပြုရန်လိုအပ်ကြောင်း ၎င်းမှ ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခါသမယတွင် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် မစ္စ အိုင်ရီနာဘိုကိုဗာ ထံမှ ပေးပို့သော သ၀ဏ်လွှာအား မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ က ဖတ်ကြားသည်။

ယင်းနောက် စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသားကျောင်းသူများ အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က ဆုများချီးမြှင့်ပေးပြီး၊ အခြေခံပညာ အထက်တန်းကျောင်း မှ မူကြိုကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net