တရားမ၀င် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ထိုင်းမှ ဖမ်းဆီးပြီး ပြန်ပို့ရာ (၁၀)ရက်ကျော်အတွင်း (၁၀၅)ဦးရှိလာ

တရားမ၀င် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ထိုင်းမှ ဖမ်းဆီးပြီး ပြန်ပို့ရာ (၁၀)ရက်ကျော်အတွင်း (၁၀၅)ဦးရှိလာ
စက်တင်ဘာ 11, 2015
By Tachileik News Agency

ထိုင်းနိုင်ငံသို့ တရားမ၀င်နည်းလမ်းများဖြင့် သွားရောက်ကာ အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမားများကို ထိုင်းနိုင်ငံမှ ဖမ်းဆီးအရေးယူကာ ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် မြန်မာဘက်သို့ လွှဲပြောင်းလာရာ  (၂၂)ဦးပါဝင်ကြောင်း သိရသည်။

ထိုင်းဘက်မှ လွှဲပြောင်းလာရာတွင် ရံဖန်ရံခါ၌ မြန်မာနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံသားများလည်း ပါလာတတ်သည့်အတွက် လွှဲပြောင်းမှုကို လက်ခံသည့် မြန်မာဘက်မှ တာဝန်ရှိသူများကို အဆိုပါ လွှဲပြောင်းမှုတွင် ပါဝင်သူများသည် မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို သေချာစွာ စိစစ်ပြီးမှ လက်ခံပြီး၊ မြန်မာနိုင်ငံသားမဟုတ်သူများကိုလည်း ထိုင်းလ၀က သို့ ပြန်လည်ပို့ဆောင်ပေးရလေ့ရှိကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းလာရာတွင် ကချင်ပြည်နယ်မှ အမျိုးသမီး (၁)ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အမျိုးသား(၁၂)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး အပြင် နေပြည်တော်မှ အမျိုးသား(၁)ဦး စုစုပေါင်း အမျိုးသား(၁၈)ဦး နှင့် အမျိုးသမီး(၄)ဦး ပါဝင်ရာ စုစုပေါင်း(၂၂)ဦး ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်မှုအဖြစ် စက်တင်ဘာလ(၄)ရက်နေ့က (၂၇)ဦး၊ စက်တင်ဘာလ(၅)ရက်နေ့က (၃၅)ဦးနှင့် စက်တင်ဘာလ(၁၀)ရက်နေ့တွင် (၂၁)ဦး အပြင် ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် (၂၂)ဦးပါဝင်ရာ စက်တင်ဘာလအတွင်း (၁၀၅)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~