မီတာပိုင်ရှင်များမှ ဘေးအိမ်သို့ ဆင့်ပွားပြန်လည် ဖြန့်ပေးနေမှုကို မြို့မီးလင်းရေးမှ ခွင့်မပြုတော့ဟု အသိပေးပြောကြား

မီတာပိုင်ရှင်များမှ ဘေးအိမ်သို့ ဆင့်ပွားပြန်လည် ဖြန့်ပေးနေမှုကို မြို့မီးလင်းရေးမှ ခွင့်မပြုတော့ဟု အသိပေးပြောကြား
စက်တင်ဘာ 12, 2015
By Tachileik News Agency

လျှပ်စစ်မီးများကို မြို့မီးလင်းရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဆင့်ပွားကာ အခြားအိမ်များသို့ တဆင့်ခံ သွယ်တန်းထားမှုများနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်များတွင် မလိုလားအပ်သည့် အန္တရာယ်များ ဖြစ်ပေါ်မည်ကို စိုးရိမ်သည့်အတွက် ဆင့်ပွားသွယ်တန်းထားသော လျှပ်စစ်မီးကြိုးများကို စက်တင်ဘာလ(၁၄)ရက်နေ့မှ စ၍ စစ်ဆေးသွားမည်ဖြစ်ပြီး ဆင့်ပွားပေးထားသော မီတာပိုင်ရှင်များကိုလည်း ဒဏ်တပ်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီမှ အသိပေးပြောကြားလာသည်။

"မီတာဝယ်ထားသူတွေက ဆင့်ပွားပြန်ပေးနေတာတွေ တော်တော်များများရှိပါတယ်၊ ကျွန်တော်တို့ဘက်က မူလသတ်မှတ်တဲ့ ဈေးနှုန်းထက် သူတို့က တစ်ယူနစ်ကို (၁၀)ဘတ်ကနေ (၁၅)ဘတ်အထိ ကောက်ခံပြီး ပြန်လည် ဆင့်ပွားပေးနေတာတွေရှိပါတယ်၊ အဲ့လို ဆင့်ပွားပေးတဲ့အခါမှာ လျှပ်စစ်မီးကြိုးပေါက်ပြီး ရှော့ဖြစ်တာတွေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ်နေတဲ့အတွက် ဆင့်ပွားပေးနေတဲ့ အိမ်တွေအနေနဲ့ မီးပေးနေမှုကို ကျွန်တော်ဘက်က စက်တင်ဘာလ(၁၄)ရက်နေ့ကစပြီး လိုက်စစ်ပါမယ်.."ဟု မီးလင်းရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

"အဲ့လို ဆင့်ပွားပေးထားတာတွေကို တွေ့ရင် မီတာဝယ်ယူထားတဲ့သူကို ဒဏ်တပ်တာတွေ လုပ်သွားမယ်၊ အခုဆိုရင် မီတာမရှိသူများ အနေနဲ့ အလွယ်တကူ မီတာများကို ၀ယ်ယူလို့ရနေပါပြီ၊ မီးလင်းရေးရုံးမှာ လာရောက်ပြီး စုံစမ်းနိုင်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ပြောလာသည်။

တာချီလိတ်မြို့တွင် လျှပ်စစ်မီးများကို အိမ်ထောင်တစ်စုမှ ၀ယ်ယူပြီး ဘေးအိမ်များသို့ ဆင့်ပွားပြန်လည်ပေးနေသည့် ကိစ္စနှင့် ပတ်သက်၍ ပျောက်ဆုံးယူနစ်များ ကိစ္စ၊ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေသည့် ကိစ္စ စသည့် ကိစ္စများနှင့် အငြင်းပွားမှုများ ဖြစ်နေသည်များ ရှိသည့်အတွက် ယခုလို သတ်မှတ်လိုက်တာဖြစ်ပြီး၊ အိမ်ထောင်စုရှိသူများအနေဖြင့် လျှပ်စစ်မီတာများကို တာချီလိတ်မြို့မီးလင်းရေးရုံးတွင် လွယ်ကူစွာ လျှောက်ထား ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~