ထိုင်းနိုင်ငံအတွင်း တရားမ၀င်ရောက်ရှိနေပြီး အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများကို ထိုင်းရဲတပ်ဖွဲ့နှင့် လ၀က မှ ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ စဉ်ဆက်မပြတ် ပို့ဆောင်နေလျက်ရှိရာ ယနေ့ စက်တင်ဘာလ (၂၂)ရက်နေ့တွင် မြန်မာနိုင်ငံသား (၆၃)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာကြောင်း သိရသည်။
ထိုသို့လွှဲပြောင်းလာရာတွင် အမျိုးသား (၄၉)ဦး နှင့် အမျိုးသမီး (၁၄)ဦး စုစုပေါင်း (၆၃)ဦးပါဝင်ပြီး ထိုအထဲမှ စက်တင်ဘာလ(၁၀)ရက်နေ့က လန်းပန်းမြို့ ကျင်းဟုန်ဈေးအနီး ပန်းရံဆိုက်တွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အမျိုးသား(၁၆)ဦးနှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၂၀)ဦးပါဝင်ရာ ၎င်းတို့၏ အလုပ်လုပ်ကိုင်ခွင့်စာအုပ်များမှာ သက်တမ်းကျော်လွန်နေခြင်းကြောင့် ဖမ်းဆီးခံရတာဖြစ်ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းလာရာတွင် လိုက်ပါလာသည့် ချင်းရိုင်းအလုပ်သမားဖူလှုံရေးမှ ခရိုင်ဦးစီးမှူး မစ္စ စူကျင်တရာ စီတရာဆို(Sujintara Sritaraso)က ၎င်းတာဝန်ယူထားသည့် ခရိုင်အတွင်းရှိ အလုပ်ရှင်များအား မိမိအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်စာအုပ်များ မကျော်လွန်စေရေးကိစ္စကို အထူးသတိပြု စိစစ်သွားရန် ညွှန်ကြားချက် ထုတ်ပြန်သွားမည်ဟု နှုတ်ကတိပြုသွားကြောင်း မြန်မာဘက်မှ ဦးစည်သူမောင်၏ ပြန်လည်ပြောပြချက်အရ သိရသည်။
ထိုင်းနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ ပြန်လည်ပို့ဆောင်မှုအဖြစ် စက်တင်ဘာလ(၄)ရက်နေ့က (၂၇)ဦး၊ စက်တင်ဘာလ(၅)ရက်နေ့က (၃၅)ဦးနှင့် စက်တင်ဘာလ(၁၀)ရက်နေ့တွင် (၂၁)ဦး အပြင် ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် (၂၂)ဦး၊ စက်တင်ဘာလ(၁၂)ရက်နေ့က (၁၄)ဦး နှင့် စက်တင်ဘာလ(၁၄)ရက်နေ့က (၃၀)ဦး၊ စက်တင်ဘာလ(၁၇)ရက်နေ့က (၂၈)ဦး နှင့် စက်တင်ဘာလ(၁၈)ရက်နေ့က (၂၈)ဦး အပြင် ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား (၆၃)ဦး အပါအ၀င် စင်တင်ဘာလ(၃)ပတ်ကျော်အတွင်း (၂၆၈)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။