၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တာချီလိတ် ရုံးအခြေစိုက် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် (၆)ဦး ၀င်ရောက်ကာ ရွေးချယ်ခံကြမည်ဖြစ်ရာ တာချီလိတ်မြို့နယ်၌ တစ်ဦးပါဝင်ကြောင်း သိရသည်။
အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် (၁)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် (၁)ဦး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် (၄)ဦး စုစုပေါင်း (၆)ဦး ပါဝင်မှာဖြစ်သည်။
အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အာခါတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်းအဖြစ် ဦးအာဗေလမှ လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးအာတဲလယ်မှ ကျိုင်းတုံမြို့နယ်တွင် လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးထွန်းအောင်မှ လည်းကောင်း၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ဦးယာထွန်း(ခ)ယာဝန်းမှ လည်းကောင်း၊ မိုင်းခတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ဒေါ်စံပယ်မှ လည်းကောင်း၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် ဒေါ်လားလာ မှ လည်းကောင်း အသီးသီး ရွေးချယ်ခံကြမှာဖြစ်ကြောင်း သိရှိရသည်။