ရွေးချယ်မှု နှင့် ကျွန်တော့်အမြင် ( ဆောင်းပါး )

ရွေးချယ်မှု နှင့် ကျွန်တော့်အမြင် ( ဆောင်းပါး )
စက်တင်ဘာ 25, 2015
By Tachileik News Agency

 "လူ နှင့် နိုင်ငံရေးဆောင်းပါး"ကို ရေးသားခဲ့ပြီးချိန်မှာ မိတ်ဆွေအချို့က မေးကြပါတယ်။ ဘယ်ပါတီကိုမဲပေး မလဲ။ ဘယ်သူ့ကို ရွေးမလဲ။ သူတို့ရော ဘယ်လိုရွေးချယ်သင့်သလဲ ဆိုတဲ့ မေးမြန်းချက်တွေအပေါ်မှာ ဒီဆောင်းပါးကို ထပ်ရေးဖြစ်ပါတယ်။

ရွေးချယ်မှု နှင့် ကျွန်တော့်အမြင် ( ဆောင်းပါး ) ။   ။ ဦးခင်မောင်မြင့် (ရွှေမဟာ)

ဘယ်ပါတီကို မဲပေးမလဲ။ ဘယ်သူ့ကို မဲပေးမလဲဆိုတဲ့ မေးခွန်းအပေါ် ဆောင်းပါးပေါ်မှာ ရင်ဖွင့်လိုတဲ့ ဆန္ဒမရှိပေမဲ့ လက်ရှိနိုင်ငံတော်ရဲ့ လိုအပ်ချက် အပေါ် ကျွန်တော့်အနေနဲ့ ဘယ်လိုရွေးချယ်မယ် ဆိုတာတော့ တင်ပြချင်ပါတယ်။

ပါတီကိုရွေးမလား (ဒါမှမဟုတ်) လူကိုရွေးမလားဆိုတဲ့ ဒွိဟမေးခွန်းတွေဟာ ခုအချိန်မှာ သတင်းစာ၊ ဂျာနယ်၊ ဖေ့ဘုတ်စာမျက်နှာတွေမှာ ရေပန်းစားလာပါတယ်။ ဒါတွေဟာ မေးလည်းမေးသင့် စဉ်းလည်း စဉ်းစားသင့်တဲ့ ကိစ္စပါ။

ဒါနဲ့ပတ်သက်ပြီး ပုံပြင်လေးတစ်ပုဒ်နဲ့ တင်ပြချင်ပါတယ်။
"တစ်ခါက အလွန်တရာ ဆင်းရဲချို့တဲ့ လွန်းတဲ့ ပင်လယ်ကမ်းစပ် ရွာတစ်ရွာမှာ သိပ်ချစ်ကြတဲ့ သူငယ်ချင်း
နှစ်ယောက်ရှိခဲ့တယ်။ သူတို့ခမျာ စားဝတ်နေရေးအတွက် အလုပ်တွေကို ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီး
ဘယ်လိုဘဲ ရုန်းကန်နေပေမဲ့ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ဘဲ ဘဝမှာ ရပ်တည်နေရရှာတယ်။

တစ်နေ့မှာ သူတို့ရွာနဲ့ တစ်ဖက်ကမ်း ပင်လယ်စပ်မှာ တရားအားထုတ်နေတဲ့ ဆာဒူးဘိုးတော်ကြီးရောက်
နေတယ်ကြားတော့ သူငယ်ချင်းနှစ်ယောက်ဟာ သူတို့ရဲ့ ဆင်းရဲဒုက္ခက ကင်းရာကင်းကြောင်း ကယ်တင်ပေး နိုင်မယ်အထင်နဲ့ လှေအိုလေးကိုလှော်ပြီး ပင်လယ်တစ်ဖက်ကမ်းက ဘိုးတော်ကြီးဆီ သွားခဲ့ပါတယ်။

ဒီလိုလှော်ခတ်နေရာက ပင်လယ်ကမ်းစပ် မရောက်ခင် လေပြင်းမုန်တိုင်းကျ လှိုင်းရိုက်ပြီး လှေဝမ်းပေါက်
သွားခဲ့တယ်။ ဒါကြောင့် သူငယ်ချင်းနှစ်ယောက်လည်း ရှိသမျှ ခွန်အားစိုက်ပြီး ဆာဒူးကြီးရှိတဲ့ ကမ်းစပ်ကို
လက်ပစ် ကူးသွားကြရတယ်။ လှိုင်းကလည်းကြမ်း အင်အားတွေကလည်း မရှိတာကြောင့် ကမ်းစပ် မရောက်တရောက်မှာ ခြေကုန်လက်ပန်းကျပြီး ပင်လယ်မှာ မြုပ်ချည်ပေါ်ချည်ဖြစ်နေပြီ။

ဒီအခါ ဆာဒူးဘိုးတော်ကြီးက လှမ်းမေးတယ်။
"ဒီအချိန်မှာမင်းတို့ဘာ အလိုရှိသလဲ။ လိုတာရစေရမယ်။ ပြောပါ" တဲ့။

တစ်ယောက်က လှမ်းပြောတယ် "ကျွန်တော့်ကိုရွှေ တစ်ပိဿာပေးပါ"။ ဆာဒူးကြီးကလည်း
"ရစေရမယ်" ဆိုပြီး ရွှေတစ်ပိဿာထုပ်ကို လှမ်းပစ်ပေးသတဲ့။ ဒီအခါမှာရွှေရသွားတဲ့ ကောင်လေးခမျာ
ခြေကုန်လက်ပန်းကျနေတဲ့ အပြင် ရွှေတစ်ပိဿာရဲ့ဝန်က ထပ်ဖိလိုက်တော့ ပင်လယ်ထဲ စုံးစုံးမြုပ်သွားပါလေရော။

ဒုတိယကောင်လေးကို ဆာဒူးကြီးက ထပ်မေးတယ်။ "မင်းကရော ဘာလိုချင်သလဲ"တဲ့။ ဒီအခါ ကောင်လေးက သဘာဝကျကျပြန်ဖြေတယ်။ " ပထမဆုံး အသက်ရှင်ခွင့် ရချင်ပါတယ်" တဲ့။

ဒီလိုပါဘဲ။ ဒီကာလမှာ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ် တည့်တည့်မတ်မတ် မရောက်သေးပါဘူး။ အခက်အခဲ အတားအဆီးတွေကြားက ဒီမိုကရေစီလမ်းကြောင်းပေါ် ဆွဲတင်နေရချိန်ပါ။

"ဒီမိုကရေစီ အသက်လေး ရှင်သန်ခွင့်ရအောင် ဦးဆုံးတောင်းဆိုရ လုပ်ဆောင်ရမှာပါ။"
နိုင်ငံတော်အာဏာဟာ ဒီမိုကရေစီအနှစ်သာရကို ကိုယ်တိုင် တရှိုက်မက်မက် တန်ဖိုးထား မြတ်နိုးသူတွေ။
ဒီမိုကရေစီရဲ့ သဘောတရားတွေကို အမှန်တကယ် နားလည်ခံယူ ကျင့်သုံးမဲ့ ဒီမိုကရေစီအစိုးရ စစ်စစ် လက်ဝယ်ရောက်ဖို့ အဦးဆုံး လိုအပ်ပါတယ်။

ဒီအချိန်မှာ ယောင်တောင် ပေါင်တောင် ဒီမိုကရေစီပါတီတွေ။ အနှစ်မရှိဘဲ ဒီမိုကရေစီလို့ ဟစ်ကြွေးနေတဲ့
မိုးကျရွှေကိုယ်တွေလည်း ရှိနေတတ်တာကြောင့် ကျွန်တော့်အမြင် ကျွန်တော့်အနေနဲ့ ဒီကာလမှာ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးအနက်ထားပြီး တစိုက်မတ်မတ် ရပ်တည်ပေးနေတဲ့ ပါတီကိုသာ
ရွေးချယ်မှာပါ။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာတောင် တည့်တည့်မတ်မတ် မရပ်တည်နိုင်သေးချိန်မှာ
လူကိုပါ စိစစ်ရွေးချယ်ဦးမယ်ဆိုရင် အဆင့်ကျော်ရာ ရောက်သလို ဒီလိုဖြစ်သင့်တဲ့ ကာလလည်း မဟုတ်သေးပါဘူး။

ဘယ်ပါတီမဆို ရည်မှန်းချက် ရပ်တည်ချက် ယုံကြည်ချက် ခိုင်မာတဲ့ သဘောတရားတွေ မျှော်မှန်းချက်
ပန်းတိုင်တွေ ရှိနေပါတယ်။ တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်တွေကို ပါတီဝင်တွေနဲ့ ညှိနှိုင်းပြီးမှသာ ပြည်သူကို အနာဂတ်နိုင်ငံတော်ဆီ အကောင်းဆုံးဦးဆောင်သွားဖို့ ရည်ရွယ်ထားကြတဲ့ အသင်းအဖွဲ့တွေပါဘဲ။

ဘယ်ပါတီ မဆို ပါတီရဲ့ အခြေခံမူနဲ့ ကိုက်ညီပြီး အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မဲ့ ကိုယ်စားလှယ်လောင်း
တွေကို စိစစ်ပြီးမှသာ ပြည်သူကို ချပြကြရတာပါ။ မိမိအမြင်တစ်ခုတည်းနဲ့ ပါတီ ကိုယ်စားလှယ်လောင်းတွေကို အရည်အချင်းစစ် ပေတံနဲ့ လိုက်တိုင်းလို့ မရနိုင်ပါဘူး။ အတန်းပညာ တတ်မြောက်မှုဟာ ကိုယ်စားလှယ်လောင်း တစ်ယောက်အတွက် လိုအပ်ချက်တစ်ခုဖြစ်ပေမဲ့ နိုင်ငံရေးအမြင်တွေ သဘောတရား ခံယူချက်တွေဟာ ပိုပြီး အဓိကကျပါတယ်။ ဒါတွေဟာ အတန်းပညာနဲ့ မသက်ဆိုင်တဲ့ ပင်ကိုယ် အရည်အချင်းတွေပါ။

ဒီအရည်အချင်းကောင်းတွေကို အပြင်လူဖြစ်တဲ့ ကျွန်တော်တို့တတွေ မသိနိုင်ပေမဲ့ ပါတီအဖွဲ့အစည်းကို
ဦးဆောင်နေသူတွေက သိကြပါတယ်။ ဒါကြောင့် ပါတီကို ရွေးချယ်တာဟာ လူရွေးချယ်ပြီးသားဖြစ်သွားမှာပါဘဲ။ ဒါကြောင့် ကျွန်တော့်အမြင်ကတော့ "ပါတီကို ရွေးချယ်ခြင်းဟာ အမှားကင်းဆုံး ဆောင်ရွက်ချက်ဖြစ်တယ်"လို့ ဆိုရမှာပါဘဲ။

ဒါဆို ဒုတိယအဆင့် ဘယ်ပါတီကို ရွေးချယ်မလဲပေါ့။ ဒီနေရာမှာ "ဂရိဒဿနပညာရှင် အရစ္စတိုတယ်"
ပြောခဲ့သလို "ဘယ်လူမျိုး ဘယ်တိုင်းပြည်မှာမဆို ကိုယ်နဲ့တန်ရာ တန်ရာအစိုးရမျိုးဘဲ ရနိုင်တယ်" တယ်တဲ့။ ကျွန်တော်တို့ ဘာဖြစ်ချင်သလဲ။ ဘယ်လိုအုပ်ချုပ်ရေး စနစ်မျိုးကို လိုချင်တာလဲ။ ကိုယ်ရွေးချယ်မဲ့ စနစ်။
ဦးဆောင်ပေးနိုင်မဲ့ အစိုးရအတွက်ရော ဘယ်လောက် စိတ်ဝင်စားမှုရှိနေသလဲ။ ကိုယ်နဲ့ ပတ်သက်ပြီး မိမိကိုယ်တိုင်ကရော ကျရာတာဝန် အပေါ်တာဝန်ယူမှု တာဝန်ခံမှုတွေ တကယ်ရှိနေပြီလား။ ဒါတွေကို ဦးဆုံး သုံးသပ်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံး နိုင်ငံဘာဖြစ်ခဲ့ပါတယ်၊ ညာဖြစ်ခဲ့ပါတယ် ပြန်ပြောနေယုံနဲ့ ခုချိန်မှာ အသစ်ပြန်ဖြစ်မလာတော့ပါဘူး။ နောင်ဒီလို မဖြစ်အောင်ဘယ်လို လုပ်ကြမယ်၊ ဘယ်လိုရွေးချယ်ကြ မယ်ဆိုတာသာ စဉ်းစားရမှာပါ။ ဒီမိုကရေစီခေတ်ပြောင်းကာလမှာ ရောယောင်သမားတွေ။ ယောင်ခြောက်ဆယ် ဒီမိုကရေစီပါတီတွေလည်း ရှိတတ်ပါတယ်။ ပြည်သူက ဒီမိုကရေစီအော်နေလို့သာ လိုက်ပြီး သံယောင်လိုက်နေတဲ့ပါတီတွေ။ သာကူးပါတီတွေ။ အရေခြုံ ပါတီတွေလည်းရှိနိုင်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်အတွေ့ အကြုံလေးနဲ့ ယှဉ်တွဲပြောပြချင်ပါတယ်။
"လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်တော့်ဇာတိကိုပြန်ပြီး အလှူလုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ရွာဘုရားပွဲနဲ့
တိုက်ဆိုင်နေတော့ အစ်ကိုဝမ်းကွဲ ကျောင်းထိုင်ဆရာတော်က တာဝန်ပေးတာကြောင့်မြို့က အငြိမ့်တစ်ခုကို ငှားပေးပြီးဘုရားပွဲမှာ ကပြနိုင်ဖို့ စီစဉ်ရပြန်ပါတယ်။

အငြိမ့်က သုံးရက်ကပြပြီး နောက်ဆုံးညမှာ နှုတ်ဆက်ပွဲအနေနဲ့ "ရာမဇာတ်"ကို ကမယ်လုပ်ကြပါတယ်။
ညဘက် ဇာတ်ကခါနီးမှ ရာမမင်းသားကို သမင်အဖြစ် လှည့်ဖြားခေါ်ရမဲ့ သမင်မနေရာမှာ သရုပ်ဆောင်ရမဲ့ ဇာတ်ရံကလည်း ဝမ်းသွားနေတယ်။ ဘယ်လိုမှ ကပြနိုင်တဲ့ အခြေအနေမရှိဘူး။ အငြိမ့်အဖွဲ့ကလည်း လူကနည်းတဲ့ အပြင် ပါလာတဲ့သူတွေကလည်း သူ့ဇာတ်ရုပ်နဲ့သူ ကွက်တိဖြစ်နေတော့ သမင်မ နေရာမှာကမဲ့သူတစ်ယောက် အရေးတကြီးလိုနေတယ်။

အဲ.. ကံကောင်းတယ်ဘဲပြောမလား။ ကံဆိုးတယ်ဘဲ ဆိုရမလားဘဲ။ ကျွန်တော်တို့ ရွာမှာ ဇာတ်ခေါင်းကွဲပြီး
ပြန်ရောက်နေတဲ့ ကိုကျော်မြက သူဝင် က ပေးပါ့မယ်။ ရာမဇာတ်ကို သူ က ခဲ့ဖူးပါတယ်။ သူကခဲ့တာက
မျောက်မင်း ဟာနုမာန်နေရာမှာဖြစ်ခဲ့ပေမဲ့ သမင်အက ကလည်းလွယ်ပါတယ် ပြောတာနဲ့
ကျွန်တော်တို့လည်း ဝမ်းသာသွားတယ်။ ဇာတ်မပျက်တော့ဘူး အထင်နဲ့ပေါ့။

ရာမဇာတ်လည်းကရော ပြဿနာကစတော့တာဘဲ။ ရာမမင်းသားကို မယ်သီတာအပါးက အပြင်ထွက်လာ
အောင် ဒဿဂီရိရဲ့ နှမတော်က သမင်မအသွင်ဖန်ဆင်းပြီး မယ်သီတာမြင်အောင် ကပြရတဲ့အခါ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုကျော်မြ ခမျာ သမင်ခေါင်းကိုဆောင်းပြီး လက်ကားရားခြေကားရားမျောက်အကနဲ့ ထွက်လာပါလေရော။ ဇာတ်စင်ပေါ်မှာကြည့်နေတဲ့ ကျွန်တော်တို့တွေက အကမှားနေကြောင်း လက်ဟန်ခြေဟန်နဲ့ ပြနေပေမဲ့ ကိုကျော်မြကတော့ သမင်ခေါင်းစွပ်ပြီး မျောက်အကနဲ့ အသုံးတော်ခံသွားတာ ဇာတ်ပွဲတစ်ခုလုံး လွမ်းခန်းမရောက်ဘဲ လှောင်ပြောင်ရယ်မောသံတွေနဲ့ ကန့်လန့်ကာ ချလိုက်ရပါတော့တယ်။

ဒီလိုပါဘဲ.. မူဝါဒတစ်ခု စနစ်တစ်ခုကို တစ်သက်လုံး အရိုးစွဲလာတဲ့သူတွေ ပါတီတွေအနေနဲ့ ခုချိန်အခါ
ပြည်သူအကြိုက် ဘယ်ခေါင်းစဉ်အောက်မှာ ဘယ်လိုမျက်နှာဖုံးတပ်ထားပါစေ ယုံကြည်သင့် သလားဆိုတာကို စဉ်းစားသင့်ပါတယ်။ ဒီမိုကရေစီစနစ်ကို ထူထောင်ချင်တယ်ဆိုရင် မိမိရဲ့ အသွေးထဲ အသားထဲ နှလုံးသားထဲမှာ ဒီမိုကရေစီကျင့်စဉ်တွေကို ထဲထဲဝင်ဝင်ခိုင်ခိုင်မာမာ တည်ရှိနေဖို့လိုပါတယ်။

"ပန်းပုရုပ် ကောင်းကောင်းလိုချင်ရင် ပန်းပုဆရာ ကောင်းကောင်းလက်ထဲအပ်ပါ" ဆိုတဲ့ ဆိုကရေးတီးရဲ့ သမိုင်းဝင်စကားလိုပါဘဲ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးလည်း မိမိတို့ ဘဝကို မှန်ကန်တိကျ တရား
မျှတသော ဥပဒေဘောင်အတွင်းမှာ လွတ်လပ် လုံခြုံမှုရှိအောင် အမှန်တကယ် စွမ်းဆောင်ပေးနိုင်မဲ့
ပါတီကိုသာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
   
                                                       ဆောင်းပါးရှင်။  ။ ဦးခင်မောင်မြင့် (ရွှေမဟာ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~