တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု တာလေ - တာချီလိတ်သွားလမ်းပေါ်တွင် စက်တင်ဘာလ(၂၆)ရက် ည(၇)နာရီဝန်းကျင်က သားအမိသုံးဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်တစ်စီးသည် မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မိခင်မှာ နေရာ၌ပင် ပွဲချင်းပြီး ကွယ်လွန်သွားပြီး သားဖြစ်သူမှာ ဥပဒေအရ အရေးယူခံလိုက်ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ မော်တော်ဆိုင်ကယ်မှာ အရှိန်ပြင်းစွာ တိမ်းမှောက်သည်ဟု ဆိုသော်လည်း မော်တော်ဆိုင်ကယ်အား မောင်းနှင်လာသူ မောင်အေလီယာသည် "မိမိတို့ ဆိုင်ကယ်အား တိုက်သွားသော ကားမှာ Vigo အဖြူရောင်ဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသည်"ဟု ပြောပြကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ သိရသည်။
"ကွယ်လွန်သူရဲ့ သားပြောတာကတော့ ကားက အနောက်ကနေ ၀င်တိုက်တယ်ပဲ ပြောတယ်၊ သူကလည်း အရှိန်ပြင်းတယ်၊ ကားကလည်း အရှိန်ပြင်းတယ်လို့ ထပ်ပြောတယ်၊ သူ့အမေရဲ့ ခန္ဓာကိုယ်ကတော့ ဆိုင်ကယ်နဲ့ တော်တော်ဝေးဝေးကို လွင့်သွားတယ်၊ အလောင်းကို ကျွန်တော်တို့ သွားမတော့ လက်အရိုးတွေက ဗျုတ်ဗျုတ်နဲ့အသံမြည်လာတယ်.."ဟု မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသား တစ်ဦးက ပြောပြသည်။
အခင်းဖြစ်ပွားရာ နေရာသို့ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရောက်ရှိပြီး စစ်ဆေးမှုများ ပြုလုပ်ကာ မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ ဒဏ်ရာရရှိသူနှင့် ကွယ်လွန်သူ၏ ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဉ်မတော်တဆ တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်အား ပေါ့ဆစွာ မဆင်မခြင် မောင်းနှင်သူ ကွယ်လွန်သူ၏ သားဖြစ်သူ မောင်အေလီယာအား ဥပဒေအရ တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၄၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရှိရသည်။
ဓါတ်ပုံ။ ။ မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)