စင်ကာပူနိုင်ငံတွင် တရားဝင်ရောက်ရှိနေပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲပေးခွင့် လျှောက်လွှာ တင်ထားသည့် မြန်မာနိုင်ငံသားအနေဖြင့် သံရုံးတွင် ကြိုတင်မဲပေးနိုင်ရန်အတွက် (၃)ရက် စီစဉ်ထားရှိကြောင်း စင်ကာပူမြန်မာသံရုံးမှ သိရသည်။
မဲပေးရန် သတ်မှတ်ရက်အနေဖြင့် ၁၆.၁၀.၂၀၁၅ နေ့လည်(၁)နာရီမှ ညနေ (၄း၃၀)နာရီ အချိန်ထိ၊ ၁၇.၁၀.၂၀၁၅ နံနက် (၉း၃၀)နာရီမှ ညနေ(၄း၃၀)နာရီ အချိန်ထိ နှင့် ၁၈.၁၀.၂၀၁၅ နံနက် (၉း၃၀)နာရီမှ ညနေ(၄း၃၀)နာရီ အချိန်ထိ သတ်မှတ်ထားရှိပြီး မဲရုံအား မြန်မာသံရုံးတွင် ဖွင့်လှစ်ထားရှိသွားမှာ ဖြစ်ကြောင်း သိရသည်။
မဲပေးရာတွင် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ဦးစားပေးအဖြစ် သတ်မှတ် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသားများ အနေဖြင့် ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူများ အနေဖြင့်လည်း ကြိုတင်မဲပေးခွင့်စာရင်းတွင် ပါဝင်ခြင်း ရှိမရှိကို ဦးစွာ စိစစ်ပေးရန်လိုပြီး ကြိုတင်မဲပေးခွင့် ရှိသူများ၏ အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြန်ကြားလာပါက စင်ကာပူ မြန်မာသံရုံး၏ Website နှင့် သံရုံးရှိ နံရံကပ် Notice Board တွင် ကြေညာထားမည်ဖြစ်ကြောင်း စင်ကာပူ မြန်မာသံရုံး၏ အသိပေးကြေညာချက်အရ သိရသည်။