ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနား၌ ဒုရဲအုပ်အဆင့်မှ ရဲအုပ်အဆင့်သို့ (၆)ဦး တိုးမြှင့်ပေး

ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနား၌ ဒုရဲအုပ်အဆင့်မှ ရဲအုပ်အဆင့်သို့ (၆)ဦး တိုးမြှင့်ပေး
အောက်တိုဘာ 1, 2015
By Tachileik News Agency

ယနေ့ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် (၅၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို နံနက်(၈)နာရီက တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း နှင့် ရာထူးတိုးမြှင့်ခြင်း ခံရသူများအား အဆင့်တံဆိပ် ချီးမြှင့်ခြင်းတို့ဖြင့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းမှ ပေးပို့လာသည့် သ၀ဏ်လွှာအား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှမင်းက "၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် အမည်ပြောင်းလဲခဲ့ပြီး တပ်ဖွဲ့ဝင် အဆင့်အတန်း အားလုံး စိတ်ဓါတ်မြင့်မားမှု၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာရှိမှု၊ စည်းကမ်းညီညွတ်မှု၊ စွမ်းရည်ပြည့်ဝမှု စသည့် စံ(၅)ရပ်နှင့် ပြည်စုံရန် ရဲတပ်ဖွဲ့ကို အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲရေးအတွက် ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းမှုပုံစံ၊ သွင်ပြင်သဏ္ဍာန်၊ စိတ်ဓါတ်ရေးရာ မြှင့်တင်မှုများကို ဒီမိုကရေစီလမ်းကြောင်းနှင့် လိုက်လျောညီထွေဖြစ်အောင် အဆင့်ဆင့်ပြုပြင်တိုး ချဲ့ခဲ့ကြောင်း" ဖတ်ကြားသွားသည်။

ဆက်လက်၍ "ပွင့်လင်းမြင်သာမှုများကို ဆောင်ရွက် ရာတွင် မီဒီယာမှတစ်ဆင့် ပြည်သူလူထုကို အသိပေးခြင်းသည် ပွင့်လင်းမြင်သာမှုဟူသော တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ထိရောက်မှု အရှိဆုံးသော နည်းလမ်းဖြစ်၍ ရဲတပ်ဖွဲ့နှင့် မီဒီယာဆက်ဆံမှုကို တိုးမြှင့်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားသွားသည်။

သ၀ဏ်လွှာဖတ်ကြားပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူးက ရဲတပ်ဖွဲ့လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင် ကူညီဆောင်ရွက်ပေးခဲ့သည့် အရပ်ဘက် ဆိုင်ရာပုဂ္ဂိုလ် (၆)ဦးအားလည်းကောင်း၊ မှုခင်းများကို စွမ်းစွမ်းတမံ ဖော်ထုတ်ခဲ့ကြသည့် တပ်ဖွဲ့ဝင်(၆)ဦးအား လည်းကောင်း၊ ကိုယ့်အားကိုယ်ကိုး အဆောက် အဦဆောက်လုပ်မှုတွင် ဆောင်ရွက်ခဲ့သူ ၀မ်ပုံနယ်မြေရဲစခန်းမှ (၂)ဦးအား လည်းကောင်း၊ ရေဘေးအန္တရာယ်ကူညီမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သူ မိုင်းယောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်(၁)ဦးအား လည်းကောင်း၊ ရဲတပ်ဖွဲ့အား စွမ်းစွမ်းတမံကူညီသည့် အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် (၂)ဦးတို့အား လည်းကောင်း၊ အသီးသီးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှုထမ်းကောင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုရဲအုပ်အဆင့်မှ ရဲအုပ်အဆင့်သို့ တိုးမြှင့်ခြင်း ခံရသော ဒုရဲအုပ် (၆)ဦးတို့အား ရဲအုပ်အဆင့်တံဆိပ် တပ်ဆင့်ချီးမြှင့်သည်။

ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဇနီး ဒေါ်စန်းစန်းရီမှ နေအိမ်လိုင်းခန်း သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးရေး၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရ တပ်ဖွဲ့ဝင်များ၏ မိသားစု(၃)ဦးအား အသီးသီးပေးအပ် ချီးမြှင့်သည်။

အခမ်းအနားသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း။  ။ မြင့်မိုရ်(တာချီလိတ်)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~