ထိုင်းနိုင်ငံတွင် ၂၀၁၅ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့က ဘတ်သန်း (၂၀)ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများအား အထူးဒေသ(၂) UWSA "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တောင်ပိုင်း၊ ၀မ်ဟုန်ဒေသမှ တပ်ဖွဲ့ခေါင်းဆောင် လားဟူ ကူလောင်း လူမျိုး ဦးကျလောဘို၏ မူးယစ်ဆေးဝါးများဟု ထိုင်းသတင်း မီဒီယာ ရုပ်သံဌာနများတွင် ဖော်ပြလိုက်ခြင်းသည် မဟုတ်မမှန် စွပ်စွဲချက်များသာ ဖြစ်ကြောင်း ဦးကျလောဘို၏ ပြောရေးဆိုခွင့်ရှိသူတို့မှ ၂၀၁၅ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ဟိုတယ်တာချီလိတ်၏ ခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။
လားဟူတိုင်းရင်းသားများမှာ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ပျံ့နှံ့နေထိုင်လျှက်ရှိပြီး ၀"တပ်ဖွဲ့မှ ၀မ်ဟုန်ဒေသ ခေါင်းဆောင် ဦးကျလောဘိုမှာ မြန်မာနိုင်ငံအတွင်းရှိ လားဟူကူလောင်း လူမျိုးဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချိုင်းပါကန်မြို့နယ်၊ ပန်ဖကျေးရွာအနီးတွင် စက်တင်ဘာလ (၂၄) ရက်နေ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးများမှာ "၀"တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် လားဟူကူလောင်း လူမျိုး ဦးကျလောဘို၏ မူးယစ်ဆေးဝါးများ ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသော လူ (၅)ဦးမှာလည်း ၎င်း၏ သားမက်နှင့် တပည့်များသာဖြစ်ကြောင်း ထိုင်းနိုင်ငံ TNN သတင်းရုပ်သံလိုင်းနှင့် အခြားသော ပြည်ပသတင်းဌာနများတွင် စက်တင်ဘာ(၂၈)ရက်နေ့က ထုတ်လွှင့် ပြသခဲ့သည်။
"တကယ်တော့ အခြေအမြစ် မရှိတဲ့စကားတွေပါ ဦးကျလောဆိုတာ "၀"တပ်ဖွဲ့မှ ၀မ်ဟုန်ဒေသက ခေါင်းဆောင်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် သူတို့ပြောသလို ကုမ္ပဏီပေါင်း(၅၀)လဲ မပိုင်ဆိုင်ပါဘူး စီးပွားရေးကလဲ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လယ်ယာတို့ ရာဘာစိုက်ခင်းတို့လောက်ဘဲရှိတာ.."ဟု ဦးကျလောဘို၏ ဆွေမျိုးတော်စပ်သူ ဦးကျရှောမှ ပြောသည်။
စိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်သည်မှာ ဘိုးဘွားလက်ထက်ကတည်းက ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် လယ်ယာ၊ ပြောင်းဖူး၊ ရာဘာ၊ လက်ဖက် စသည်တို့ကို စိုက်ပျိုးကြောင်း၊ မွေးမြူရေး လုပ်ငန်းနှင့် ပတ်သက်၍ အသားစားနွား၊ နွားနောက်၊ ကြက်၊ ၀က်၊ ကျွဲ နှင့် ငါးများကို မွေးမြူကြောင်းနှင့် သီးခြားလုပ်ငန်းများအနေဖြင့် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းများ၊ ကားဝပ်ရှော့လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ကြောင်း ၎င်းထံမှ သိရသည်။
အထူးဒေသ(၂) "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတောင်ပိုင်း ၀မ်ဟုန်ဒေသသည် အစိုးရနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးများ ပပျောက်အောင် ဆောင်ရွက်လျှက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများအား ဒေသန္တရ ဥပဒေအရ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း ဦးကျရှောမှ ပြောပြသည်။
ထိုင်းမီဒီယာများနှင့် ရုပ်သံတို့မှ ထုတ်လွှင့်သွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လားဟူကူလောင်း လူမျိုး ဦးကျလောဘို၏ ပြောရေးဆိုခွင့်ရှိသူတို့မှ ဟိုတယ်တာချီလိတ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ထိုင်းနိုင်ငံမှ ရုပ်သံလိုင်းနှင့်မီဒီယာများဖြစ်သည့် ချယ်နယ်(၃) နှင့် ထိုင်းရတ်တီဗွီ အပြင် နေရှင်းသတင်းဌာန တို့မှ လာရောက်သည့်အပြင် မြန်မာဘက်မှ တာချီလိတ်သတင်းအေဂျင်စီ၊ DVB နှင့် မြစ်မခတို့မှ လာရောက်ကာ သတင်းယူကြသည်။