ရွေးကောက်ပွဲကာလအတွင်း မသမာမှုများနှင့် ဖျက်ဆီးမှုများကို စိုးရိမ်သည့်အတွက် တာချီလိတ်မြို့ပေါ်ရှိ ကာရာအိုကေ နှင့် စားသောက်ဆိုင်များတွင် မသမာသူ ဒုစရိုက်သမားများ မခိုနားနိုင်ရန် အချိန် အကန့်အသတ်ဖြင့် ဖွင့်လှစ်စေရေးကို အောက်တိုဘာလ (၈)ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် မြို့နယ်အထောက်ကူပြုကော်မတီမှ တင်ပြ ဆွေးနွေးရာ သက်ဆိုင်ရာတို့မှ အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်ခွင့်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
"ဒုစရိုက်သမားများဟာ ရွေးကောက်ပွဲကာလအတွင်းမှာ အဖျက်အမှောက်များပြုလုပ်ဖို့ ရည်ရွယ်လာရင် အခုလို ကာရာအိုကေတို့၊ စားသောက်ဆိုင်တို့မှာ အချိန်ဖြုန်းလေ့ရှိကြတယ်၊ အဲ့ဒီလိုမျိုးတွေကို တားမြစ်ကာကွယ်နိုင်ဖို့အတွက် အချိန်အကန့်အသတ် အနေဖြင့် ဖွင့်လှစ်မယ်ဆိုရင်၊ ရွေးကောက်ပွဲ ကာလအတွင်းမှာ လုံခြုံရေးကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်နိုင်ပါတယ်.."ဟု မြို့နယ်အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်က အကြံပြုဆွေးနွေးသည်။
ထိုသို့ အကြံပြုဆွေးနွေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က "ကာရာအိုကေ ဆိုင်များ ဖွင့်လှစ်ရန် လျှောက်ထားစဉ် ကတည်းက စည်းမျဉ်းစည်းကမ်းများ၌ ပိတ်ချိန်ကို သတ်မှတ်ထားပေးပါကြောင်း နှင့် ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးအတွက် အထူး ဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း" ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးက "ရွေးကောက်ပွဲ ကာလအတွင်း အထူးလုံခြုံမှု ရှိရေးအတွက် ကာရာအိုကေဆိုင်များကို အချိန် အကန့်အသတ်ဖြင့် ပိတ်ချိန်ကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး၊ ကာရာအိုကေဆိုင်များအား ပိတ်ချိန်အား သတ်မှတ်ပေးလိုက်ရာတွင် ပထမအဆင့် အသိပေးသည့်သဘောဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ နောက်ဆုံးအဆင့် အနေဖြင့် မလိုက်နာပါက လိုင်စင်ပိတ်သိမ်းသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း.."ရှင်းလင်းပြောကြားသည်။
၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီးသည့်အတွက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးသည်လည်း အရေးကြီးကြောင်း ထို့အတွက် လုံခြုံရေးကို အထူး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းမှ ဆက်လက်ရှင်းပြသည်။
၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ(၈)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာအရ ကျင်းပပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့နယ် အတွင်း၌လည်း ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲ၌ တစ်စုံတစ်ရာ လွဲချော်မှု မဖြစ်စေရန် လုံခြုံရေးအတွက် အထူးဆွေးနွေးမှု တစ်ရပ် အနေဖြင့် အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နယ်ပယ်အသီးသီးမှ (၁၂၅)ဦး တက်ရောက်စဉ် မြို့နယ်အထောက်ကူပြုကော်မတီမှ ယခုလို တင်ပြဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။