အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)မှ ဦးဆောင်ရေးဆွဲခဲ့သည့် အမျိုးစောင့် ဥပဒေများ အောင်ပွဲအဖြစ် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ (၁၇)ရက်နေ့ အထိ ဓမ္မယစရိယ ဆရာတော်နှစ်ပါးဖြင့် နှစ်ညတိုင်တိုင် အထူးတရားပွဲအား ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
အမျိုး ဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့၊ ဇီဝကအခမဲ့ဆေးကုသခန်း၊ ဓမ္မစကြာယောဂီများ၊မော်တော်ယာဉ် ကြိုပို့အဖွဲ့များနှင့် အလှုရှင်များ ကောင်းမှုဖြစ်ပြီး အောက်တိုဘာလ (၁၆)ရက်နေ့တွင် တရားဟောဆရာတော်များဖြစ်သည့် ဒေါက်တာ အရှင်သောပါတ (သာသနဓဇဓမ္မာစရိယ) နှင့် အောက်တိုဘာလ (၁၇)ရက်နေ့တွင် မြနန်းဆရာတော် အရှင်သဒ္ဓမ (သာသနဓဇ ဓမ္မာစရိယ)တို့မှ တရားတော် ဟောကြားတော်မူမှာဖြစ်ကြောင်းနှင့် အဆိုပါ တရားပွဲအား ညစဉ် (၇)နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)မှ ဦးဆောင်ရေးဆွဲခဲ့သော အမျိုးစောင့် ဥပဒေများ ဖြစ်သည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုဥပဒေ၊ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ စသည့် ဥပဒေ(၄)ခုကို လွှတ်တော် အစည်းအဝေးတွင် အပြီးသတ်ပြဌာန်းနိုင်ခဲ့သည့်အတွက် မျိုးစောင့်ဥပဒေပြဌာန်းနိုင်ခြင်း ဂုဏ်ပြု အခမ်းအနားများကို ပြည်နယ်နဲ့ တိုင်းဒေသကြီးများတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။