ရှမ်း/ရှေ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ကျိုင်းတုံ၌ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ရှမ်း/ရှေ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ကျိုင်းတုံ၌ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေး
အောက်တိုဘာ 12, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)ကို ကျိုင်းတုံခရိုင်နှင့်တာချီလိတ်ခရိုင် အတွင်းရှိ သတင်းထောက်များဖြင့် MJA(ဗဟို)၏ စည်းမျဉ်းစည်းကမ်းအတိုင်း ဖွဲ့စည်းထားရာ သတင်းစာဆရာအသင်း အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် မီဒီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပထမဆုံးအကြိမ် အဖြစ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ နံနက် (၉)နာရီက ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွဲဖက်ပြည်နယ် ဦးစီးမှူး ဦးမောင်ကြည်က သတင်းစာဆရာအသင်းနှင့် စာရေးဆရာအသင်းသည် တူညီသယောင်ရှိသော်လည်း မတူညီကြောင်း၊ သတင်းစာဆရာအသင်းသည် သတင်းသမားများနှင့် အဓိက ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး ကျိုင်းတုံ MJA အနေဖြင့်လည်း တာချီလိတ်မှ MJA ကဲ့သို့ လှုပ်ရှားမှုများ အဆက်မပြတ်စေရန်အတွက် ၀ိုင်းဝန်းဆောင်ရွက်ရန် လိုကြောင်း ကနဦး အကြုံပြုကာ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ဥက္ကဌ  ဦးအောင်ဖြိုးရှိန် (မောင်ယဉ်ကျေး)က တာချီလိတ်တွင် သတင်းစာဆရာ အသင်းကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း၊ သတင်းသမားများသည် ပြည်သူကို ကိုယ်စားပြုပြီး သတင်းများကို နေ့စဉ် ရေးသားနေရသည့် အတွက် အခြားအသင်းအဖွဲ့များနှင့် မတူညီကြောင်း၊ သတင်းစာဆရာအသင်း ဖွဲ့စည်းထားခြင်းသည် သတင်းထောက်များအား ချုပ်ကိုင်ရန်မဟုတ်ဘဲ ကူညီပံ့ပိုး ပေးရန်နှင့် ကာကွယ်ပေးနိုင်ရန် အတွက်သာဖြစ်ကြောင်း၊ အမှီခို ကင်းစွာဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ သတင်းရယူရန်လိုကြောင်းနှင့်  ပြည်သူအကျိုးအတွက် အပြုသဘောဆောင်သော သတင်းများ ရေးသားဖို့ လိုကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရှမ်းပြည်နယ်အရှေ့ပိုင်း အတွင်းရေးမှူး တာချီလိတ် သတင်းအေဂျင်စီမှ ဦးဝင်းအောင်ဇော်(ကိုဇောင်း)က သတင်းသမားတစ်ယောက်အနေဖြင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ သတိထားရန်လိုသည့် အချက်အလက်များ၊ သတင်းမှားယွင်းမှု မဖြစ်စေရန်နှင့် ခိုင်လုံမှုရှိစေရန် အကြောင်းအရာများအပြင် ဒေသခံသတင်းသမားများအနေဖြင့် ကြုံတွေ့ရနိုင်သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။

တဆက်တည်းမှာ ကျိုင်းတုံမြို့နယ်သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးအေးမောင်(ခ) အားဗျေ့(ဟိန်းလျှံဖြိုး)က ကျိုင်းတုံမြို့နယ်တွင် သတင်းစာဆရာအသင်း ဖွဲ့စည်းထားရှိမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြသည်။ 

ယင်းနောက်တက်ရောက်လာသူ အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးတင်ပြကြပြီး အဖွဲ့ဝင်များအတွက် ရှမ်းရှေ့ MJA မှ ကုန်ကျခံကာ ပြုလုပ်ထားသည့် သတင်းထောက် ၀တ်စုံနှင့် ရင်ထိုးတံဆိပ်များ၊ မှတ်စုစာအုပ်များကို အခမဲ့ပေးအပ်သည်။

တွေ့ဆုံပွဲတွင် MJA ကျိုင်းတုံအား ရေရှည်တည်တံ့စေရန် နှင့် သတင်းသမားအချင်းချင်း ရိုင်းပင်း ကူညီမှုများရှိစေရန်၊ နှီးနှောဖလှယ်မှုများရှိစေရန်အပြင် သတင်းသမားများအပေါ် မည်သည့် တစ်စုံတစ်ရာမျှ စိုးမိုးမှုကို မခံရနိုင်ရန် သတိထားဖို့လိုကြောင်း အပြင် သတင်းသမားများနှင့် ပတ်သက်၍ အကြောင်းအရာများကို အထူးဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~