အောက်တိုဘာ(၁၂)ရက် နံနက် (၁၀)နာရီခန့်က တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ကျိုင်းတုံ နှင့် မိုင်းဖြတ်မြို့အကြား မိုင်တိုင်အမှတ် (56 KM) အလွန် ၊ လမ်းကွေ့တစ်ခုတွင် ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်း ထိုးကျခဲ့မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။
"ကားက မိုင်းပျဉ်းကနေ တာချီလိတ်ကို ထွက်ခွာလာခဲ့တဲ့ ဆီဘောက်ဆာယာဉ်ပါ။ ကားကွေ့ လိုက်တဲ့အချိန်မှာ အရှိန်လွန်ပြီး လမ်းဘေးကို ဆွဲချသွားတာပါ။ ကံကောင်းတာက
ဘောက်ဆာထဲမှာ ဆီမပါတာရယ်၊ ချောက်ကမ်းနဖူးမှာ သစ်ငုတ်တို တစ်ခု ရှိနေပြီး ကားရဲ့
နောက်ဘီးကို သစ်ငုတ်ခံသွားတာကြောင့် ကားက ချောက်နဖူးတင်ရပ်သွားပြီး ကားပေါ်ပါလာ
သူတွေ အသက်ဘေးက လွတ်သွားကြတာပါ၊ ထိခိုက်မှု ဘာမှမရှိပါဘူး.."ဟု ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။
"အောက်ဖက်မှာတော့ ပေ (၁၅၀)လောက်နက်တဲ့ ချောက်ကမ်းပါးကြီးရှိပြီး ချောက်ရဲ့အောက်ခြေမှာ ရေစီးအားပြင်းတဲ့ နမ့်လင်းချောင်းရှိနေပါတယ်၊ ဒီသစ်ငုတ်သာ မခံထားရင်တော့ လူတွေရဲ့ကံကြမ္မာကို မတွေးရဲပါဘူး ၊ ဒီလိုဖြစ်စဉ်မျိုး ဖြစ်ခဲ့တာ ဒီနေရာမှာ သုံးကြိမ်လောက်ရှိပါပြီ၊ ဒီသစ်ငုတ်တိုလေးကြောင့်သာ အသက်ဘေးက လွတ်သွားကြရတာပါ..`ဟု ၎င်းမှ ဆက်လက် ပြောပြသည်။
"ဒီနေရာက အကွေ့နည်းနည်းလေးရဲ့ အကွာမှာဆိုတော့ ခဏခဏ ဖြစ်နေတာ၊ ဖြစ်တိုင်းလည်း ကံကောင်းကြတယ်၊ သစ်ငုတ်တွေသာ မရှိရင် ချောက်ထဲကို ပြုတ်ကျကုန်မှာ.."ဟု ဖြစ်စဉ်များကို ကြုံတွေ့ဖူးသူ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။
အဆိုပါနေရာတွင် ယခင်က ကုန်ကားတစ်စီး၊ ခွေးဘီလူးကားတစ်စီး အပါအ၀င် ယာဉ်မတော်တဆမှု သုံးကြိမ်ခန့် ဖြစ်ပွားခဲ့ဖူးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ယင်းနေရာတွင် အန္တရာယ် အချက်ပြ အမှတ်အသားများ၊ သတိပေးဆိုင်းဘုတ်များ တပ်ဆင်သတိပေးခြင်း၊ အကာအရံများ တပ်ဆင်ခြင်းများ အပါအ၀င် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်း ဒေသခံများက အကြံပြု ပြောကြားကြသည်။
Zawgyi Font ဖြင့် မဖတ်မရသူများအတွက် Unicode ဖြင့် ပြောင်းလဲ ဖော်ပြပေးထားပါသည်။