တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် ( NCA ) လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်မည့် RCSS/SSA မှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်ဦးဆောင်သည့် အဖွဲ့ဝင် (၂၁)ဦးပါဝင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် (၁၂)နာရီခန့်က ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့သို့ ရောက်ရှိလာရာ ဦးနေ၀င်း ဦးဆောင်သည့် တာချီလိတ်မြို့မှ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များက မယ်ဆိုင်မြို့ မဲခေါင်မြစ်ဟိုတယ်တွင် သွားရောက် တွေ့ဆုံကာ ခရီးဦးကြိုဆိုကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် အဖွဲ့ဝင်များသည် ညနေ(၄)နာရီ (၁၀)မိနစ်အချိန်တွင် တာချီလိတ်လေဆိပ်မှ တဆင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် ( NCA ) လက်မှတ်ရေးထိုးပွဲ ကျင်းပမည့် နေပြည်တော်သို့ ရန်ကုန်လေကြောင်းလိုင်း ခရီးစဉ် YH-520 ဖြင့် ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။