ထိုင်းနိုင်ငံအတွင်း ပန်းရောင်( Work Permit )ကတ် ကိုင်ဆောင်ထားသော အလုပ်သမားများ အနေဖြင့် အလုပ်ရှင်၏ ခရီးသွား ထောက်ခံစာ မပါရှိဘဲ ခရီးသွားပါက ထိုင်းနိုင်ငံ ဥပဒေအရ ဖမ်းဆီးခံရပြီး အလုပ် လုပ်ကိုင်ခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း သိရသည်။
"အရင်က မြန်မာအလုပ်သမားတွေက ပန်းရောင် အလုပ်သမား ကတ်ကိုင်ရင် ကြိုက်တဲ့နေရာ ခရီးသွားလို့ ရတယ်၊ အခုက ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သွားလို့ မရဘူး အလုပ်ရှင်ရဲ့ ထောက်ခံစာ လိုတယ်၊ ဘာလို့လဲ ဆိုတော့ ဥပဒေချိုးဖောက်ပြီး ပြစ်မှုကျူးလွန်တဲ့ သူတွေဖြစ်မှာကြောက်လို့ စစ်ဆေးနေကြတာပါ.."ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်း မြန်မာအလုပ်သမားများအား ကူညီလုပ်ကိုင်ပေးနေသူ ဦးထွန်း(မယ်ဆိုင်)က ပြောပြသည်။
အလုပ်ရှင်၏ ထောက်ခံချက် မပါရှိဘဲ ခရီးသွားခြင်းကြောင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ (လ၀က)အချုပ်တွင် လစဉ် ရွှေ့ပြောင်းအလုပ်သမား (၅၀)ဦးခန့် ဖမ်းဆီးခြင်း ခံရလေ့ရှိကြောင်း ၎င်းထံမှ သိရသည်။
ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလျှင် လည်းကောင်း၊ မြန်မာနိုင်ငံသို့ ပြန်ရန် လည်းကောင်း အလုပ်ရှင်၏ ထောက်ခံချက်လိုအပ်ကြောင်း သို့မဟုတ်ပါက Passport, Visa နှင့် အလုပ်သမားကတ်တို့အား သိမ်းဆည်းကာ ထိုင်းနိုင်ငံတွင်းသို့ အလုပ် လုပ်ကိုင်ခွင့်ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။
"ဒီလထဲမှာဘဲ လူ(၂၀)လောက် Visa Passport တွေပါတယ် ဒါပေမယ့် သက်ဆိုင်ရာ အလုပ်ရှင်ရဲ့ ခရီးသွား ထောက်ခံစာ မပါလို့ ဖမ်းဆီးခံရတယ် သူတို့ကို မြန်မာနိုင်ငံထဲ ပြန်လွှတ်ပေးပါတယ်၊ အဲ့ဒီနေ့ဘဲ ထိုင်းနိုင်ငံထဲ ပြန်ဝင်ဖို့ လုပ်တဲ့ အခါ ထိုင်းလ၀က ရဲ့ မှတ်တမ်းမှာ ပါနေတော့ ၀င်လို့ မရတော့ဘူး.."ဟု ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်း မြန်မာအလုပ်သမား တစ်ဦးမှ ပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်လျှက်ရှိသော မြန်မာအလုပ်သမားများ အနေနှင့် ထိုင်းနိုင်ငံ၏ အလုပ်သမားနှင့် ဆိုင်သော ထုတ်ပြန်ချက်များအား သိရှိရန် လိုအပ်ပြီး ဥပဒေများအား အနည်းငယ် သိရှိရန်လိုအပ်ကြောင်း၊ သို့မဟုတ်ပါက ဖမ်းဆီးခြင်းခံရပြီး အလုပ် လုပ်ခွင့်များပါ ဆုံးရှုံးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)မှ သိရသည်။