ပညာရှိတို့ စကား ( ဆောင်းပါး )

ပညာရှိတို့ စကား ( ဆောင်းပါး )
အောက်တိုဘာ 15, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ ကျွန်တော်တို့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ရွှေတြိဂံမြို့ဖြစ်တဲ့ တာချီလိတ်မြို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး အောင်နိုင်ရေးမဲဆွယ်တရားပွဲကို ဟောင်လိတ်အုပ်စု၊ ရှမ်းစာပေနဲ့ယဉ်ကျေးမှုကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်လည်း ဦးလေးထွန်းတို့ အိမ်ကို မင်္ဂလာသတင်းပါးဖို့ ဒုတိယအကြိမ် သွားရောက်ခဲ့ပြန်ပါတယ်။

ပညာရှိတို့ စကား ။  ။ ဦးခင်မောင်မြင့် (ရွှေမဟာ )

"အတော်ဘဲ ငါ့တူရေ.. ငါတို့လည်း မင်းကိုမျှော်နေကြတာ။ NLD ရဲ့ အောင်နိုင်ရေး တရားပွဲတွေ ကတော့ကွာ လက်ဖျားခါလောက်အောင် ပါဘဲလား။ မြို့လုံးကျွတ် နယ်လုံးကျွတ် လာကြသလား အောက်မေ့ရတယ်။ အားပါးပါး.. မကျင်းပမီက အနိုင်ရနေပြီလို့ ပြောရမလားကွာ.."

"ဒါပေါ့ ဦးလေးရယ်.. တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေက ခပ်ညံ့ညံ့တွေမှ မဟုတ်တာ၊ နဝတခေတ်မှာ ငြိမ်ရမယ်၊ ဝပ်နေရမယ်၊ ပိနေရမယ်၊ ပြားနေရမယ်လို့ ဖိနှိပ်ချုပ်ချယ်နေတဲ့ကြားတောင် သခင်စိတ်ရှိတဲ့ ရဲရဲတောက်ပုဂ္ဂိုလ်တွေက မြန်မာ့ဗီဇ ရဲရဲပြခဲ့ကြတာဘဲ မဟုတ်လား၊ ခုလိုလွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ပြုလုပ်တော့မယ်၊ ဒီမိုကရေစီ အသွင်ဆောင်နေပါပြီဆိုတဲ့ ခုကာလမှာ ရင်ထဲမှာ အောင့်အီးထားသမျှ ဆန္ဒအမှန်ကို ထုတ်ဖော်ပြပေးနေတာ သဘာဝကျတာပေါ့ ဦးလေးရယ်.."

"ဒါနဲ့ မေးပါရစေဦး ငါ့တူရဲ့.. ပါတီကြီးတစ်ခုက မဲဆွယ်ဟောပြောပွဲတစ်ခုမှာ.. "ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး။ အစိမ်းတွေဘဲလွှမ်းရမယ်။ အနီဆိုတာ အာဇာနည်ဗုံးခွဲတာကို သွားကြည့်"လို့ ဟောပြောသွားတယ်။ အဲဒါဘာပြောတာလဲကွ။ အနီနဲ့အာဇာနည်ဗုံးခွဲတာ ဆိုင်လို့လား။ ရှင်းစမ်းပါကွာ.."

"ဦးလေးကတော့ ကျွန်တော့်ကို မြွေဖမ်းခိုင်းနေပြန်ပါပြီ။ ဆိုင်တယ် မဆိုင်ဘူးဆိုတာတော့ ကာယကံရှင်ဘဲ
သိလိမ့်မယ် ဦးလေး၊ ဒါပေမဲ့ ဒီဟောပြောချက်ဟာ အနှစ်သာရ မရှိတာတော့ သေချာပါတယ်။ ဒါသူ့ရဲ့ အဆင့်ဘယ်လောက်ရှိတယ် ဆိုတာတော့ သက်သေပြလိုက်တာပါဘဲ.."

"ဒါ့အပြင်ကွာ အမေရိကန်သမ္မတ အိုဗားမား လာစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့တယ်
မလား၊ ဒီတုန်းက အိုဗားမားက ဒေါ်စုကို အနောက်တိုင်း ယဉ်ကျေးမှုအရ ထွေးဖက်ပြီးပါးကို အနမ်းပေးခဲ့တယ်လေ၊ ဒါကိုပါတီကြီး တစ်ခုရဲ့ဦးဆောင်ပိုင်း ပုဂ္ဂိုလ်တစ်ဦးက"အိုဗားမား နှစ်ခါလာတော့ နှစ်ခါ အနမ်းခံရတာပေါ့"လို့ ပုဂ္ဂလိကဆန်တဲ့ စော်ကားစကားပြောတာ မဲဆွယ်မှုအတွက် လိုအပ်လို့လား။ ငါတော့ပြောထွက်ရဲတဲ့လူအစားရှက်လွန်းလို့ပါကွာ.."

"ဒါကတော့ ဦးလေးရယ်၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ မဆက်ဆံဘူးသူ၊ ကမ္ဘာ့လူ့ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုကိုမှ သူမသိတာ ခွင့်လွှတ်ပေးလိုက်ပါ။ ဒါပေမဲ့ နမ်းတိုင်း ဖက်တိုင်းဟာ တဏှာရာဂနဲ့ မဆိုင်ဘူးဆိုတာ နားလည်မှုပေးနိုင်တဲ့ အတွင်းဓာတ်ခံ အသိရှိတော့ ရှိသင့်တာပေါ့.."

"ဒါကြောင့်လည်း အင်းဝခေတ်စာဆိုကျော် ဆရာတော်ရှင်မဟာရဌသာရက ကိုးခန်းပျို့ထဲမှာ..
"တိတ်တိတ်မနေ၊ ဆိုပါချေလည်း
မပြေမပြစ်၊အထစ်ထစ်လျှင်
ကျစ်လျစ်မရှိ၊ အငြိငြိတည့်။
ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့
အကျိုးအကြောင်း၊ ကောင်းကောင်းမမှန်
သမ္ဗန်ပါဌ်လျှောက်၊ ရှေ့နောက်မညီ
အစီအလျဉ်၊ အစဉ်မသင့်
တဖျင့်တပါး၊ ရယ်ဖွယ်များခဲ့.."လို့ပညာမဲ့သူတွေရဲ့ အပြစ်တွေကို ထောက်ပြခဲ့တာပေါ့။

ဒါကြောင့်စကားဟာ ပြောတိုင်းမကောင်းသလို၊ သူများဟောတိုင်း ငါလည်းဟောတတ် ပြောတတ်ပါတယ် လုပ်ရင် ကိုယ့်ရဲ့မပြည့်တဲ့ ပညာဝမ်းစာကို ဖော်ထုတ်ပြသလိုဖြစ်ပြီး၊ အရှက်ရနိုင်ပါတယ် ဦးလေးရယ်။"

"အင်း.. ဒါကြောင့်လည်း ထိုင်နေရင် အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိဆိုတဲ့ စကားရှေးလူကြီးတွေ
ပြောခဲ့ကြတာကိုး.."

"ဒါနဲ့ကြားဖြတ်မေးရဦးမယ် ငါ့တူရေ.." တချိန်လုံး ထိုင်နားထောင်နေတဲ့ ဒေါ်လေးအေးက ဝင်မေးလာတယ်။

"မင်းတို့ပြောတဲ့ အမျိုးသားဒီမိုကရေစီဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ငါတို့တာချီလိတ်ကော မလာဘူးလား"

"လာမှာလေ ဒေါ်လေးရဲ့၊ ကျွန်တော်က ဒီကိစ္စသတင်းလာပြောတာ၊ လာမဲ့(၂၁-၁၀-၂၀၁၅)ဗုဒ္ဓဟူးနေ့မှာ
မြို့ပြင်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုကွင်းမှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲလုပ်မှာ။ ဒေါ်လေးတို့လိုက်ချင်ရင် ကျွန်တော်လာခေါ်မယ်လေ.."

"အမလေး ဘယ်လိုစကားပြောလိုက်တာလဲ ငါ့တူရဲ့၊ မိအေးလည်း အာဏာရှင်ဘဲဆိုတာ သိနေပါပြီ။
ဒါကြောင့် ငါတို့အာဏာကို အပ်နှင်းပေးမဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းတွေ
ဒေါ်လေးတို့ မဲဆန္ဒရှင်တွေသိဖို့ မလိုဘူးလား။ ဒေါ်စုလာမှ ရင်ထဲမှာ မရှင်းတာကို ပွင့်ပွင့်လင်းလင်းမေးလိုက်ဦးမယ်.."

 "အားပါး.. တို့ဒေါ်လေးတောင် တော်တော် တိုးတက်ပြောင်းလဲလာပါလား၊ ကဲ.. ဒေါ်လေးက ဘာသိချင်လို့
ဘာမေးမလို့လဲ.."

"မနေ့က ငါဈေးသွားတော့ တစ်ချို့ပြောနေတာကြားတယ်။ NLDသာ အစိုးရဖြစ်ရင် မြန်မာပြည်ဟာ မွတ်စလင်နိုင်ငံဖြစ်သွားလိမ့်မယ်တဲ့။ ငါ ဒါကို ရှင်းရှင်းသိအောင်မေးချင်တာ.."

"ဟိုး.. ဟိုးထားဒေါ်လေး၊ ဒီစကားတော့ သွားမမေးလိုက်ပါနဲ့ ဒေါ်လေးရယ်၊ ဒါအတွေးအခေါ် ညံ့ဖျင်းသူတွေကို တစ်ဖက်က သွေးထိုးထားတဲ့ မှိုင်းလုံးတွေပါ။ ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပါ့မယ်လို့ အာမခံ ထားတဲ့ NLDဟာ ပြည်သူ့လိုလားချက်နဲ့ ဆန့်ကျင်မှု ဘယ်တော့မှ မပြုပါဘူးဆိုတဲ့ စကားမှာတင် ပြီးပြည့်စုံနေပါပြီ။ ဒီထက်ကောင်းတဲ့ အချက် ဘာရှိသေးလို့လဲ။ အမေးမတော်လို့ ကျွန်တော်တို့မြို့လေးကို အတွေးအခေါ် ရွှေဥာဏ်တော် စူးရောက်သူတွေနေတဲ့ မြို့လို့ ဖော်ထုတ်လိုက် သလိုဖြစ်နေပါဦးမယ်.."

"ဒီကနေ့ထိ ကျွန်တော်တို့ နိုင်ငံထဲကို မွတ်စလင်တွေ၊ လူမျိုးခြားတွေ၊ ဘာသာခြားတွေဝင်ရောက်လာတာဟာ NLD နဲ့ လုံးဝမသက်ဆိုင်သလို၊ လက်ရှိ ကိစ္စဟာ လက်ရှိ အစိုးရတာဝန်တွေပါ.."

"အင်း.. ကျွန်တော်တို့ လူကြီးပိုင်းမှာတောင်၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အတွေးတိမ်နေကြရင်၊ လူလတ်ပိုင်း၊ လူငယ်ပိုင်း၊ ကျောင်းသားအရွယ်တွေ ယောင်တောင်တောင် ဖြစ်နေတာ အပြစ်ဆိုစရာ မရှိပါဘူး။ ဒါကြောင့်လည်း ဒီပုံစံသာ ရှေ့ဆက်သွားရင် ကျွန်တော်တို့ လူမျိုးတွေဟာ ကမ္ဘာမှာ အထူဆုံး၊ အအဆုံး၊ ခပ်တုံးတုံးတွေဖြစ်နေတော့မယ်။ ဒီလိုဖြစ်အောင်လည်း အာဏာရှင်တွေဟာ နှစ်ပေါင်းများစွာ အကွက်ချ ဆောင်ရွက်ခဲ့ကြတာကိုး.."

"တကယ်တော့ ဦးလေးတို့ရေ၊ ခုခေတ်ဟာ ပညာခေတ်ပါ။ တစ်ချိန်က ပညာဟာ အာဏာအောက် ရောက်ခဲ့ရပေမဲ့ မကြာခင် အာဏာရှင်ဟာ ပညာအောက် ဒူးထောက်ကြရမှာပါ။ ကျွန်တော်ပြောတဲ့ ပညာဟာ ဘွဲ့ဒီဂရီ အထပ်ထပ်ရနေတဲ့ အတန်းတက်ပညာကိုပြောတာ မဟုတ်ပါဘူး။ အတွေးအခေါ် အယူအဆရင့်သန်ပြီး အကြောင်းအကျိုးကို ဝေဖန်သိမြင်တဲ့ ပညာကို ပြောတာပါ။ ဒီလိုပညာရှင်တွေ ဦးဆောင်မှ တိုင်းပြည်နဲ့ ပြည်သူချမ်းသာမှာပါ။ ဒီအရည်အသွေး မပြည့်မီသူတွေ ဦးဆောင်မှု ခံရပြီဆိုရင်တော့ ပြည်သူ့ဘဝရေတိမ်နစ်ရပြီပေါ့ "

"ဒီအကြောင်းနဲ့ ဆက်စပ်ပြီး (၁၉၉၀)ကာလလောက်က သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဥာဏိဿရ
ဟောကြားတော်မူခဲ့တဲ့ "ပညာရှိတို့အတွေး"တရားတော်ကို ပြန်ပြောပြချင်တယ်။"

"တစ်ခါက ရွာတစ်ရွာမှာ မုဆိုးမ သားအမိနေထိုင်တယ်တဲ့။ မအေက အသက်သုံးဆယ်ကျော်၊ သားဖြစ်သူက ဆယ်နှစ်၊ ဆယ့်တစ်နှစ်ဝန်းကျင်ပေါ့။ တစ်နေ့မှာ အမေဖြစ်သူက ဈေးကပြန်လာတော့ သားကကစားနေရာကပြေးလာပြီး အမေ့ထံက ဝယ်လာတဲ့ မုန့်ကိုတောင်းတယ်တဲ့၊ ဒီအခါ အမေဖြစ်သူက ဝယ်လာတဲ့ ပဲကြီးလှော်ကို စက္ကူထုပ်ထဲက ထုတ်ပြီးသား လက်ခုပ်ထဲကို ထည့်ပေးရှာတယ်။ ဒီအချိန်မှာ သားက အိမ်ခေါင်တိုင်ကို ဖက်ထားရာက လက်ခုပ်နဲ့ခံလိုက်တော့ လက်လည်းရုတ်ရော လက်ခုပ်ထဲမှာရှိတဲ့ ပဲလှော်အချို့က ကြမ်းပြင်ပေါ်ကျကုန်ရော။ လက်ခုပ်နဲ့ကိုယ်ကြားမှာ အိမ်ခေါင်တိုင်ကြီးက ခံနေပြီလေ။ ဒီတော့ခလေးက "အမေရေလုပ်ပါဦး"လို့ သူ့အမေကို လှမ်းအော်ပြောတော့ အမေခမျာ သူ့သားဗိုက်ထဲ အိမ်ခေါင်တိုင်ကြီးဝ င်နေပြီထင်ပြီး "ကယ်ကြပါဦး၊ ကျွန်မသား ဗိုက်ထဲ ခေါင်တိုင်ကြီး ဝင်နေလို့ပါ.."ဆိုပြီး အရပ်ကို အကူအညီတောင်းသတဲ့..။

ဒီအခါ အရပ်ထဲမှာ ရှိတဲ့ ရပ်ရွာလူကြီးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ အပြေးရောက်လာပြီး စုဝေးကြ၊
တိုင်ပင်ကြ၊ ခေါင်းချင်းဆိုင်ကြပြီ။ "အင်း.. ဒီကလေးတော့ ငါတို့သာ မကယ်ရင် သေတော့မယ်။ ဒါအလွန်အရေးကြီးတဲ့ ကိစ္စဘဲ။ အမှားခံလို့ မဖြစ်ဖူး။ လက်ကိုနောက်ဘက်ဆွဲထုတ်ရင် ပဲကြီးလှော်တွေ ဖိတ်ကျကုန်မယ်။ ဗိုက်ထဲရောက်နေတဲ့ တိုင်ကိုမြေကျင်းတူးပြီး ဆွဲထုတ်ရင်လည်း အိမ်ပြိုသွားလိမ့်မယ်။ ကဲ.. ပညာရှိမင်းတို့ စဉ်းစားတော်မူကြပါတဲ့..။ တစ်ယောက် တစ်ပေါက် ထင်ကြေးတွေပေး၊ မေးစေ့တွေ ပွတ်ပြီး ပညာရှိတွေ အကြံထုတ်ကြပြီ။ နောက်ဆုံးပညာရှိ တစ်ဦးက အကြံပြုတယ်။

"အင်း.. အိမ်လည်း ဖျက်စရာမလို၊ ပဲကြီးလှော်လည်း မဖိတ်ရအောင် ခေါင်တိုင်နဲ့ တွဲထားတဲ့ ထုပ်တန်းကိုဖြုတ်၊ ကလေးကို ခေါင်တိုင်ထိပ်က ထုတ်နိုင်အောင် လက်ဆင့်ကမ်း ထမ်းရအောင်"တဲ့။

ဒီအစီအစဉ်တိုင်း လုပ်လိုက်ကြတာ ကလေးဗိုက်ထဲရောက်နေတဲ့ တိုင်ကြီးကလည်း အပြင်ရောက်၊ ပဲကြီးလှော်တွေလည်း မဖိတ်တာမို့ အမေဖြစ်သူခမျာ အဲဒီပညာရှိကို ထိုင်တောင် ကန်တော့ရှာတယ်။ ဒီလိုပညာရှိတွေနဲ့ အတူနေခွင့်ရတာကိုဘဲ ကံထူးတယ်လို့မှတ်ယူရှာတယ်.."

"ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုပညာရှိဆိုသူတွေ အများကြီးရှိနေလို့လည်း တိုင်းပြည် ဒီလိုဖြစ်နေတာပေါ့ဗျာ။
တိုင်းပြည်ကို တကယ်ချစ်ရင် ကိုယ့်အရည်အချင်းကိုယ် သိသင့်ပါတယ်။ ကိုယ်အာဏာရချင်တာ၊ နေရာရချင်တာကို ဦးစားမပေးဘဲ တိုင်းပြည်အရေး တွေးပေးစေချင်တယ်။ နိုင်ငံတော်မှာ ဦးဆောင်နေသူတွေ အနေနဲ့ကလည်း ပြည်သူပြည်သားတွေကို နိုင်ငံရေး အမြင်ကျဉ်းမြောင်းအောင် အမှောင်မချအပ်ဘူး။ အမှန်တရားက လမ်းလွဲအောင်လည်း မလုပ်သင့် မလုပ်အပ်တာတွေနဲ့ လမ်းမလွှဲသင့်ဘူး။ ပြောခွင့်ရှိတိုင်း ငါ့စကားနွားရ မပြောသင့်ဘူး။ လူရယ်စရာဖြစ်အောင် ဟာသစကား မပြောအပ်ဘူး။ သူတော်ကောင်းတွေ သက်မချအောင် သေးသိမ်တဲ့ စိတ်ထားမထားအပ်ဘူး.."

"မိမိရဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုဟာ မိမိရဲ့အဆင့်အတန်းပါ။ မိမိရဲ့လုပ်ရပ်အမှား၊ အပြောအမှား၊
အကြံအမှားဟာ မိမိကိုယ်စားပြုနေတဲ့ နိုင်ငံနဲ့ပြည်သူတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခေါင်းဆောင်ပိုင်းမှာ ရှိနေတယ်လို့၊ အဆင့်အတန်းရှိသူလို့ သတ်မှတ်ရင် အများကြီးဆင်ခြင်ရမှာပေါ့ဗျာ.."

"ကဲ.. စကားပြောလို့ကောင်းနေလိုက်တာ၊ မိုးတောင်ချုပ်နေပြီ။ ဒေါ်လေးတို့ လိုက်မယ်ဆိုရင် (၂၁)ရက်နေ့
ကျွန်တော်လာခေါ်မယ်လေ။ လိုက်မယ်မလား။"

"သြော်.. မေးဖို့လိုသေးလား ငါ့တူရယ်။ ငါတို့နိုင်ငံရဲ့ခေါင်းဆောင်လောင်းရဲ့ ပညာရှိစကားကြားရအောင်
လိုက်ကို လိုက်မယ်ဟေ့..."

ဆောင်းပါးရှင်။  ။ ဦးခင်မောင်မြင့်(ရွှေမဟာ)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ကြော်ငြာ ~~~~~~~~~