၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်၏ သန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ သန်းခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်(၉)နာရီက တာချီလိတ်ခရိုင် လ၀ကရုံးတွင် စတင်ကျင်းပပြုလုပ်ရာ နယ်ပယ်အသီးသီးမှ လာရောက်ကာ ဆွေးနွေးဖလှယ်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ စတင်ပြုလုပ်ရာတွင် မိုင်းဆတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေမြင့်မှ လည်းကောင်း၊ ပြည်သူ့ အင်အားဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ဦးစီးအရာရှိ ဒေါ်မာမာဦး မှ လည်းကောင်း၊ Capacity Building Initiative ( CBI ) မှ နည်းပြဆရာ ဦးအာကာကျော်မှ လည်းကောင်း သန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်ခြင်းများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားရာ နယ်ပယ်အသီးသီးမှ တက်ရောက်လာသူများက ဆွေးနွေးဖလှယ်ကြသည်။
၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်တစ်ခုလုံးတွင် အမျိုးသား ဦးရေ ( ၂,၉၁၀,၇၁၀ )ဦးနှင့် အမျိုးသမီး ဦးရေ ( ၂,၉၁၃,၇၂၂ )ဦး စုစုပေါင်း ( ၅,၈၂၄,၄၃၂ )ဦး ရှိကြောင်းနှင့် မြန်မာနိုင်ငံတစ်ခုလုံးတွင် လူဦးရေ ( ၅၁,၄၈၆,၂၅၃ )ဦး ရှိကြောင်း အပြင် မြန်မာနိုင်ငံတွင် လူဦးရေ အများဆုံး ပြည်နယ်နှင့် တိုင်းဒေသကြီးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ယင်းဒေသတွင် စုစုပေါင်း ( ၇,၃၆၀,၇၀၃ )ဦးရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။