မကြာသေးမီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အပြန်အလှန် လဲလှယ်ကာ လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈)ခုထဲမှ RCSS/SSA ဥက္ကဋ္ဌ ဦးယွက်ဆစ်နှင့် အဖွဲ့ဝင် (၂၀)ဦးသည် ယနေ့ အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်(၁၁)နာရီ (၁၅)မိနစ် အချိန်က တာချီလိတ်မြို့သို့ ရောက်ရှိသည်။
တာချီလိတ်မြို့သို့ ရောက်ရှိချိန်တွင် တာချီလိတ်လေဆိပ်၌ တိုင်းရင်းသားပြည်သူများမှ ကြိုဆိုခဲ့ကြရာ၌ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများဖြစ်သည့် ကျားဖြူပါတီ နှင့် ကျားခေါင်းပါတီတို့မှလည်း လာရောက် ကြိုဆိုကြကြောင်း သိရသည်။
RCSS/SSA ဥက္ကဋ္ဌ ဦးယွက်ဆစ်သည် နေ့လည် (၁)နာရီ(၁၅)မိနစ်အချိန်က တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း၌ ဒေသခံ ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံကာ ၂၀၁၅ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့က နေပြည်တော်တွင် NCA အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနမှ ထုတ်ဝေသည့် "ငြိမ်းချမ်းရေး"စာအုပ်များအား ဝေပေးသည်။
ယင်းတွေ့ဆုံပွဲသို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ပါတီဝင်များ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင်များ အပါအ၀င် ဒေသခံ ရှမ်းတိုင်းရင်းသားများ၊ ရှမ်းလူမျိုး လူမှုအဖွဲ့အစည်းများ တက်ရောက်ကြောင်း သိရှိရသည်။