မြန်မာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့ရှိ တိုင်းရင်းသား ပြည်သူများမှ လမ်းလျှောက်ကာ ဂုဏ်ပြု ထောက်ခံသည့် အခမ်းအနားအား ယနေ့ အောက်တိုဘာလ (၂၃)ရက် နံနက်အစောပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့က မြန်မာနိုင်ငံတော် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအား ထောက်ခံသည့် အနေဖြင့် တိုင်းရင်းသားပြည်သူ အမြောက်အများမှ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှ တဆင့် အောင်မြတ်ခန်းမသို့ စီတန်းလှည့်လည်ကာ အောင်မြတ်ခန်းမတွင် ထောက်ခံခြင်း အခမ်းအနားအား ဆက်လက် ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။
အောင်မြတ်ခန်းမတွင် ပြုလုပ်သည့် အစီအစဉ်တွင် ရှမ်းတိုင်းရင်းသားဖြစ်သူ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံက သဘာပတိအဖြစ် ပါဝင်ပြီး အဖွင့်အမှာစကား ပြောကြားကြောင်း၊ အာခါတိုင်းရင်းသား ဦးထွန်းအောင်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအား ဂုဏ်ပြုထောက်ခံသည့် အဆိုကို တင်သွင်းကြောင်းနှင့် ၎င်း၏ အဆိုအား မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်မှ ထောက်ခံ ဆွေးနွေးကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် တိုင်းရင်းသားပြည်သူ အမြောက်အများ တက်ရောက်ကာ ထောက်ခံခဲ့ကြကြောင်း သိရသည်။
၂၀၁၅ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့က ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ (၂) ဦးဥာဏ်ထွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ UPWC ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ UPWC ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ၊ KNU ဥက္ကဋ္ဌ ဦးစောမူတူးစေးဖိုး၊ RCSS/SSA ဥက္ကဋ္ဌ ဦးယွက်ဆစ်၊ KNU/KNLA (Peace Council) ဥက္ကဋ္ဌ ဦးစောဌေးမောင်၊ PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ CNF ဥက္ကဋ္ဌ ဦးပူးနန်လျန်ထန်၊ ALP ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ABSDF ဥက္ကဋ္ဌ ဦးသံခဲ နှင့် DKBA ဦး စောလားပွယ်တို့ မှ ရေးထိုးခဲ့ကြတာဖြစ်ကြောင်း သိရှိရသည်။