ပုံစံ-၃(က) ဖြည့်သွင်းထားသူများ ရပ်ကွက်ရုံးများတွင် အမည်စာရင်း သွားရောက်ကြည့်ရန် လိုအပ်

ပုံစံ-၃(က) ဖြည့်သွင်းထားသူများ ရပ်ကွက်ရုံးများတွင် အမည်စာရင်း သွားရောက်ကြည့်ရန် လိုအပ်
အောက်တိုဘာ 24, 2015
By Tachileik News Agency

အောက်တိုဘာလ (၁၀)ရက်နေ့အထိ နောက်ဆုံးထား၍ ပုံစံ-၃(က)ဖြည့်သွင်းထားသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်း အမည်များ သွားရောက် ကြည့်ရှုနိုင်ကြောင်း တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

"နောက်ဆုံးနေ့အထိ ပုံစံ-၃(က)နဲ့ ဖြည့်သွင်းထားတဲ့ သူတွေရဲ့ အမည်စာရင်းကိုတော့ ဆန္ဒမဲ ပေးတဲ့နေ့ဖြစ်တဲ့ နိုဝင်ဘာ(၈)ရက်နေ့မှာ အပြီးသတ်​မဲစာရင်းကို မဲရုံတွေမှာ ကပ်ထားမှာပါ၊ ကြားကာလဖြစ်​တဲ့ အခုချိန်​မှာ  ကိုယ့်အမည်မှားတာတို့ တစ်စုံတစ်ခု လွဲချော်တာတို့ကို သွားကြည့်ရမယ်​ ဘာလို့လဲဆို error ဖြစ်​တဲ့ဟာကို ပြင်​ဖို့ အတွက်​ပါ"ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းမှပြောသည်။

ပုံစံ-၃(က) ဖြည့်သွင်းသူများအနေနှင့် ဆန္ဒမဲပေးမည့် နေ့ရက်တွင် အမည်စာရင်း ပါဝင်ခြင်းမရှိပါက မဲပေးပိုင်ခွင့် ဆုံးရှုံးမည်ဖြစ်ပြီး၊ ယခုကာလတွင် အမည်စာရင်းအား သွားရောက်ကြည်ရှုရန် လိုအပ်ကြောင်း ၎င်းမှပြောသည်။

"ကျွန်တော် အောက်တိုဘာလ (၈)ရက်နေ့လောက်မှာ ပုံစံ-၃(က)ကိုဖြည့်သွင်းခဲ့တယ်၊ ဖြည့်သွင်းတဲ့နေ့မှာတော့ သူတို့က လာကြည့်စရာမလိုဘူး လို့ပြောတာဘဲ၊ အမည်စာရင်းပါမှာပါလို့ ပြောတယ်၊ အခုသွားကြည့်ရမယ်ဆိုတော့ သွားတော့စစ်ရမှာပေါ့ဗျာ.."ဟု တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်တွင် နေထိုင်ပြီး ပုံစံ-၃(က)ဖြည့်သွင်းထားသူ ကိုတင်မောင်မြင့်မှ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း အောက်တိုဘာလ (၁၀)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများတွင် ရက်ပေါင်း(၁၈၀)အထက်နေထိုင်သူ ပုံစံ-၃(က)ဖြည့်သွင်းသူ လူဦးရေ(၁၀,၀၀၀)ခန့် ရှိကြောင်း နှင့် တာချီလိတ်မြို့နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမား (၅၀,၀၀၀)ခန့်ရှိပြီး လူဦးရေ(၁၀,၀၀၀)သာ ပုံစံ-၃(က)အား လာရောက်ဖြည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ကျား(၄၆,၂၀၈)ဦး၊ မ(၄၈,၇၈၀)ဦး စုစုပေါင်း(၉၄,၉၈၈)ဦး ရှိပြီး အောက်တိုဘာလ (၁၀)ရက်နေ့အထိ ပုံစံ-၃(က)ဖြည့်သွင်းသူ လူဦးရေ(၁၀,၀၀၀)ခန့်ရှိသောကြောင့် ဆန္ဒမဲပေးသူ (၁)သိန်းကျော်ခန့်ရှိပြီး၊ မြို့နယ်အတွင်း မဲရုံပေါင်း(၅၈)ရုံရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~