ဗျိုင်းနားဘုရင်

ဗျိုင်းနားဘုရင်
အောက်တိုဘာ 25, 2015
By Tachileik News Agency

မနေ့က သားနဲ့သမီး တောင်ကြီးက ပြန်လာလို့ တာချီလိတ်လေယာဉ်ကွင်းမှာ သွားကြိုခဲ့တယ်။ ကားပေါ်
ရောက်တဲ့ အခါ ရွေးကောက်ပွဲအကြောင်း စကားစမိရာက သူတို့အတွေး သူတို့ အမြင်အပေါ် ရှင်းလင်းပြောပြမိရာကနေ ဒီဆောင်းပါးကို ထပ်ရေးလိုက် ပါတယ်။

"ဖေဖေ.. လာမဲ့ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်လဲ.." သားဖြစ်သူက ဒဲ့တိုးမေးလာတယ်။ ကျွန်တော်ကလည်း ဘွင်းဘွင်း ပြောချလိုက်တယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘဲ နိုင်မှာပေါ့ သားရယ်.."လို့..

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ရင်ကော တိုင်းပြည်ဘာ တိုးတက်သွားမှာမလို့လဲဖေဖေ.."
"ဒီမှာသား.. ဘာတွေတိုးတက်ပြောင်းလဲလာမလဲဆိုတဲ့ မေးခွန်းကို သားတို့လို ပညာတတ်ကျောင်းသားတွေ
ကမေးသင့်တဲ့ မေးခွန်း မဟုတ်ဘူး။ သားတို့လို လူငယ်တွေဟာ နိုင်ငံတော်ရဲ့ အရေး၊ ခေတ်စနစ်တစ်ခုစီရဲ့ အဆိုးအကောင်းကို သိနေရမယ်။ ဘယ်စနစ်ကြောင့် တိုင်းပြည်နိမ့်ကျသွားသလဲ၊
ဒီစနစ်ဟောင်းနေရာမှာ ဘယ်လိုစနစ်မျိုး အစားထိုးမှ ကောင်းမယ်၊ ကမ္ဘာပေါ်မှာ
နိုင်ငံရောပြည်သူတွေပါ ချမ်းသာကြွယ်ဝပြီး လူပီသစွာ နေခွင့်ရနေတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ ပညာရေး၊ ဥပဒေရေးရာတွေနဲ့ လူတိုင်းရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်
တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွေကို လေ့လာမှတ်သားပြီး နိုင်ငံရေး အမြင်ရှိသင့်ပြီလေ။ ခုတော့သားတို့လို တက္ကသိုလ်ကျောင်းသားတွေ ကိုယ်တိုင်က နိုင်ငံရေးဆိုတာ ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စပါလားလို့ ခံယူနိုင်မှု မရှိအောင် နိုင်ငံရေး အမှောင်ချခံထားရတာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အားနည်းချက်ဘဲလေ..."

"ဖေဖေတို့ နိုင်ငံရဲ့စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်မှု အဆင့် ဘယ်နေရာမှာရှိသလဲ။ နည်းပညာပိုင်းရောဘာတွေ
မြင့်မားနေသလဲ။ သားတို့လို အင်ဂျင်နီယာတွေတောင် ကမ္ဘာနဲ့အမီ လိုက်နိုင်ဖို့ ဘာတွေ တီထွင်ဖန်တီးနိုင်ပြီလဲ။ အားလုံးဟာ စာအုပ်ထဲမှာ၊ သီအိုရီတွေထဲမှာဘဲ မိန်းမောပြီး အတွေးအခေါ် အကြံအဆတွေ အိပ်ပျော်နေတာမဟုတ်ဘူးလား။ ဒါကြောင့် တိုင်းပြည်တိုးတက်လာအောင်၊ ဆင်းရဲနွံတွင်းက ရုန်းထွက်နိုင်အောင် တိုးတက်နေတဲ့ နိုင်ငံတွေက နည်းပညာပိုင်းနဲ့ ငွေကြေး ထောက်ပံ့မှုတွေကိုတော့ ယာယီအားဖြင့် ရယူရမှာဘဲ။ တို့နိုင်ငံဟာ သယံဇာတ ဘယ်လောက်ဘဲ ချမ်းသာပါတယ်ပြောပြော၊ ဒါတွေထုတ်လုပ်ဖို့ နည်းပညာနဲ့ မြုတ်နှံနိုင်တဲ့ငွေကြေး မရှိရင်အပိုဘဲ။ ဒီလိုကမ္ဘာ့နိုင်ငံတွေရဲ့ အကူအညီကို ရယူပြီး တိုင်းပြည် နလံပြန်ထနိုင်ဖို့က တက်လာမဲ့အစိုးရဟာ ကမ္ဘာကလည်း လက်ခံယုံကြည်၊ ပြည်သူကလည်း အားကိုးတဲ့ အစိုးရဖြစ်ဖို့ သိပ်အရေးကြီးတယ်။ ဒါကြောင့်
NLDသာ အစိုးရဖြစ်သင့်တယ်လို့ ဖေဖေ့ရဲ့ အတွေ့အကြုံနဲ့ပြောရတာ.."

" ဖေဖေ.. တစ်ချို့က ပြောတယ်။ လက်ရှိအစိုးရ လက်ထက်ရောက်မှ လူတိုင်းဖုန်းကိုင်နိုင်တယ်။ ဒါကြောင့်
တိုးတက်လာတယ်တဲ့..."

"သား မင်းမှတ်မိမလား။ ၂၀၀၅ခုနှစ်က ဖေဖေ GSM ဆင်းကဒ်တစ်ခုရခဲ့တယ်။ ဒါကလည်း ၂၀၀၃ ခုနှစ်
နိုဝင်ဘာလကတည်းက ကုမ္မဏီအနေနဲ့ လျှောက်ထားခဲ့တာ။ ရတော့လည်း ဆက်သွယ်ရေးကို ငွေ(၁၅)သိန်းသွင်းရတယ်။ ဆင်းကဒ်သက်သက် အတွက်ပေးရတာ။ အဲဒီအချိန် အပြင်ပေါက်ဈေးက (၂၈)သိန်းလောက်ရှိတယ်။ ဘယ်မှာလူတိုင်း ကိုင်နိုင်သေးလို့လဲ။ ဖေဖေမေးကြည့်တယ်။ တာချီလိတ်လို နယ်စပ်ဒေသတွေမှာ ထိုင်းဆင်းကဒ်တွေကို လူတိုင်းကိုင်နိုင်တာ ဆယ့်ငါးနှစ်ကျော်လောက်ရှိပြီ ထင်တယ်တဲ့။

အဲဒီကတည်းက ဆင်းကဒ်တစ်ခု ဘတ်လေးဆယ်လောက်ဘဲရှိတာ။ ခုပေါက်ဈေးနဲ့ဆို မြန်မာငွေ (၁၁၀၀)လောက်ဘဲရှိတာပါ။ ဒါဆိုတို့ နိုင်ငံက ဘယ်လောက်နောက်ကျပြီးမှ ခုလိုဖြစ်လာတယ်ဆိုတာ စဉ်းစားကြည့်ကွာ။ ဒါတောင် ငါးသိန်း၊ နှစ်သိန်းဆိုပြီး ပြည်သူ့ငွေကို ညှစ်ယူခဲ့သေးတာ မဟုတ်လား။ တကယ်တော့ ပြည်ပကလာတဲ့ ဆင်းကဒ်တွေ၊ ဖုန်းခွံတွေကို ဝယ်သုံးနေရတာကို ခေတ်မီတိုးတက်တယ်လို့ မြင်နေတာ တကယ့်အမှားပါ။ ကိုယ့်ပြည်တွင်းက ငွေတွေ ပြည်ပကို ယိုထွက်ကုန်တာကို သတိပြုတတ်ရမယ်။ တကယ် တိုးတက်ခေတ်မီတယ်ဆိုတာ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ လက်နက်ကအစ ကိုယ့်တိုင်းပြည်က ထုတ်လုပ်နိုင်မှသာ တကယ့်တိုးတက်မှုအစစ်လို့ ခေါ်နိုင်မယ်သား.."

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်ရင် အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေနဲ့ အရမ်းဆင်းရဲလို့ ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် ဘာလုပ်ပေးနိုင်မလဲ မသိဘူးနော်.." သမီးဖြစ်သူက ဝင်မေးတယ်။

"သမီးသိချင်တဲ့ မေးခွန်းဟာ သိပ်ကောင်းတယ်။ တက်လာမဲ့ အစိုးရဘာလုပ်ပေးမလဲပေါ့။ ဒါကရှင်းပါတယ် သမီး၊ ပြည်သူ့အကျိုးစီးပွားအတွက် ပြည်သူတွေက အပ်နှင်းထားတဲ့ အာဏာရအစိုးရဟာ ပြည်သူ့ အတွက်ဘဲဆောင်ရွက်ပေးရမှာပေါ့။ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံတော်တော်များများမှာ ပြည်သူပြည်သားတွေ အိုမင်းမစွမ်းဖြစ်လာရင် မပူမပင် နေထိုင်စားသောက်နိုင်အောင် နိုင်ငံတော်က တာဝန်ယူနေကြပြီ။

ဖေဖေတို့နိုင်ငံမှာက နိုင်ငံဝန်ထမ်းတွေကိုသာသက်ပြည့်ပင်စင်တို့၊ ဆေးပင်စင်တို့လောက်သာ ပေးနေတာ။
တကယ်တော့ ပြည်သူပြည်သားတိုင်းဟာ အစိုးရဝန်ထမ်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ နိုင်ငံတော်ကို
တစ်နည်းနည်းနဲ့ အကျိုးပြုခဲ့ကြသူတွေပါ။ ဒါကြောင့်သက်ကြီးရွယ်အို ကိစ္စဟာ အစိုးရသစ် လက်ထက်မှာ မဖြစ်မနေတာဝန်ယူရမဲ့ အပိုင်းပါ။

ကလေးသူငယ်တွေအတွက် မသင်မနေရ ပညာရေးစနစ်ကို လက်ရှိအစိုးရကလည်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ မိဘရော သားသမီးတွေပါ စားစရာမရှိ နေစရာမရှိဖြစ်နေရချိန်မှာ ဘယ်အထောက်အပံ့နဲ့ ဘဝကိုဆက်နိုင်မလဲသမီး။ ခုအချိန်မှာ လူမှုကူညီရေးအသင်းအဖွဲ့တွေ နိုင်ငံတော်မှာ တစ်နေ့တစ်ခြား များပြားလာတာ ပရဟိတစိတ်နဲ့ပြောရင် ကောင်းမွန်မြင့်မြတ်မှုတွေပါ။

တကယ်တော့ ဒါတွေဟာ နိုင်ငံတော်မှာ တာဝန်ယူနေတဲ့ အစိုးရလုပ်ရမဲ့ အလုပ်တွေပါ။ သူတို့မလုပ်လို့ လူမှုဝန်ထမ်းစိတ်ရှိတဲ့ ပြည်သူတွေက လိုက်လုပ်နေရတာပါ။ ဒါကြောင့်ဒီလို တာဝန်ယူလုပ်ဆောင်ပေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်ရင် မလွဲမသွေလုပ်ပေးမယ်လို့ ဖေဖေရဲရဲပြောဝံ့တယ်။

ဘာကြောင့်လဲဆိုတော့ NLD ဟာပြည်သူ့အတွက် ဖွဲ့စည်းထားတဲ့ပါတီဖြစ်လို့ဘဲ။"

"ဖေဖေ.. NLDက အာဏာရပြီးမှ ကတိပေးထားတဲ့ အတိုင်းလုပ်မပေးရင်၊ ပြည်သူ့ ဆန္ဒနဲ့ မကိုက်ညီရင်
ဘယ်လိုလုပ်မလဲ"

"ဒါ သားတို့က အာဏာရှင်စနစ်အောက်မှာ ကြီးပြင်းလာရတော့ ဒီမိုကရေစီအစိုးရရဲ့ သဘောတရားတွေကိုမှမသိသေးတာ။ တကယ်တော့ ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူတွေရဲ့ ဝန်ထမ်းတွေပါ။ ပြည်သူတွေကမိမိတို့ လုပ်ရမဲ့ လုပ်ငန်းဆောင်တာတွေကို မိမိတို့ ကိုယ်စားလုပ်ပေးဖို့ လုပ်ပိုင်ခွင့်အပ်နှင်းထားတဲ့ ကိုယ်စားလှယ်တွေ ပေါင်းစုထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒီမိုကရေစီစနစ်မှာ ပြည်သူသာ အာဏာရှင်တွေပါကွာ။

ပြည်သူ့အကျိုးကိုလုပ်မပေးနိုင်ဘူး၊အများပြည်သူ့သဘောထားနဲ့မကိုက်ညီရင် မြဲဆန္ဒရှင်တွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းနဲ့
ကိုယ်စားလှယ်ကိုရုပ်သိမ်းခွင့်ရှိသလို၊အစိုးရကိုလည်းလွှတ်တော်မှာမဲခွဲဖြုတ်ချခွင့်ရှိပါတယ်။ပြည်သူကြိုက်
ကြိုက် မကြိုက်ကြိုက်အာဏာကိုဆုပ်ကိုင်ထားမယ်ဆိုတာ ဒီမိုကရေစီစနစ်မှာမရှိဘူးသား။"

"ဒါဆိုဒီရွေးကောက်ပွဲကသိပ်အရေးကြီးတာပေါ့နော်။လူတိုင်းဒီသဘောတရားတွေသိကြရင်သိပ်ကောင်းမှာ။"
"သိပ်ဟုတ်တာပေါ့ကွာ။ဒီထက်အရေးကြီးတာဘာရှိသလဲ။ကိုယ့်တစ်သက်ရော၊သားစဉ်မြေးဆက်တိုင်လူကို
လူချင်းဖိနှိပ်နေတဲ့အာဏာရှင်စနစ်ဆိုးအောက်မှာ အပိအပြားခံရမဲ့အမွေဆိုးကိုပေးခဲ့မလား။လူလူချင်းတန်ဖိုး
ထား၊လူ့လုပ်ပိုင်ခွင့် ၊ရပိုင်ခွင့်တွေနဲ့ဘေးကင်းကင်းရှင်သန်စေမလား၊ပြည်သူတွေရွေးချယ်ကြရမှာပေါ့။ "
"တကယ်တော့ တိုင်းပြည်ရဲ့ကံကြမ္မာဟာပြည်သူတွေနဲ့အဓိကသက်ဆိုင်ပါတယ်။ပြည်သူတွေ အတွေး
မှန်မှန်နဲ့ရွေးချယ်ပေးရင်တိုင်းပြည်နဲ့ပြည်သူ့အကျိုးစီးပွားကိုသယ်ပိုးပေးမဲ့အစိုးရကောင်းကိုရမှာပေါ့။အင်း---
ပြည်သူတွေရဲ့ကံဇာတာညံ့နေရင်တော့ မင်္ဂလာရွှေဗျိုင်းနဲ့တူတဲ့ဆန္ဒမဲဟာ အစိုးရခပ်ညံ့ညံ့ ဆီသွားနားဖြစ်
ဖြစ်မှာပေါ့။
"ဘယ်လိုမင်္ဂလာရွှေဗျိုင်းလဲဖေဖေ" သမီးကမေးလာတယ်။
"ဒီလိုသမီးရဲ့--ဟိုတုန်းက တိုင်းပြည်တစ်ပြည်မှာ မင်းကြီးနတ်ရွာစံတော့၊မင်းကြီးရဲ့အရိုက်အရာကိုဆက်ခံကြ
မဲ့သားသမီးတွေ၊ညီအစ်ကိုတွေလည်းမရှိ။သက်တော်ရှည်အမတ်ကြီးတွေ၊နန်းရင်းဝန်တွေ၊ပညာရှိအမတ်တွေ
ကလည်း ကိုယ့်အဆင့်ကိုယ်သိကြတော့လစ်ဟာသွားတဲ့ဘုရင့်ရာထူးအတွက် ဘယ်သူကမှ မမျှော်မှန်းဝံ့
ကြဘူး။အချို့တိုင်းပြည်တွေလို အရူးထပြီးအာဏာသိမ်းတာမျိုးမလုပ်ကြဘူး။ဒါကြောင့်မင်္ဂလာဗျိုင်းတစ်
ကောင်ကိုရွှေရေငွေရေလောင်းပြီးနေ့ကောင်းရက်သာမှာ မင်းလောင်းရှာဖို့လွှတ်လိုက်တယ်။ဗျိုင်းကအပေါ်
ကပျံ၊မှုးမတ်တွေက ဗျိုင်းပျံရာနောက်ပြေးလိုက်ကြတာပေါ့။အဲဒီမင်္ဂလာရွှေဗျိုင်းလာနားခံရသူဟာ တိုင်းပြည်
မှာဘုရင်ဖြစ်မှာလေ။"
"မင်္ဂလာဗျိုင်းကလည်း ဝန်ကြီးတွေရဲ့အိမ်တွေပေါ်ပျံဝဲလိုက်၊စစ်သူကြီးအိမ်ပေါ်၊သက်တော်ရှည်အမတ်ကြီး
အိမ်ပေါ်ပျံဝဲလိုက်လုပ်နေတာ အထဲမှာရှိတဲ့ ဝန်ကြီးတွေ၊စစ်သူကြီးတွေ၊သက်တော်ရှည်အမတ်ကြီးတွေဘယ်
လောက်ရင်ခုန်လိုက်မလဲ။နောက်တော့မင်္ဂလာဗျိုင်းကမြို့တော်ပေါ်မှာရစ်ဝဲနေရာကမြို့ပြင်လယ်ကွင်းတွေ
ရှိရာကိုပျံသွားပါလေရော။"

"အဲဒီအချိန်မှာ လယ်ထွန်နေတဲ့သားအဖက ဗျိုင်းပျံလာတာမြင်တဲ့အခါသစ္စာဆိုကြတယ်။အဖေဖြစ်သူက
ဒီမင်္ဂလာရွှေဗျိုင်းသာသူ့ကိုလာနားရင် တိုင်းပြည်ကိုမင်းကျင့်တရားဆယ်ပါးနဲ့အညီအုပ်ချုပ်မယ်တဲ့။
သားဖြစ်သူကတော့ ဗျိုင်းသာသူ့ကိုလာနားရင် တိုင်းပြည်ကိုကမောက်ကမ ကပြောင်းကပြန်ဖြစ်အောင်လုပ်
ပစ်မယ်လို့သစ္စာစကားဆိုကြတယ်"
"အင်း---ဖြစ်ချင်တော့ ဗျိုင်းကလည်း သားဖြစ်သူကိုမှရွေးပြီးနားပါလေရော။ဒါကြောင့် တိုင်းပြည်ကို
ကမောက်ကမလုပ်မဲ့သူကဘုရင်ဖြစ်သွားပြီ။"
"ဒီတော့ဘာဆက်ဖြစ်လဲဖေဖေ"
" ဘာပြောကောင်းမလဲကွာ။ဘုရင်ဘဝလည်းရောက်ရော ဇာတိပြလာပြီ။"
"ကဲ---သက်တော်ရှည်အမတ်ကြီး၊အမတ်ကြီးအဖြစ်တာဝန်ထမ်းခဲ့တာဘယ်လောက်ကြာပြီလဲ လို့မေးတော့
အမတ်ကြီးက မင်းသုံးဆက်တိုင်ပါပြီဘုရားလို့ပြန်လျှောက်တယ်။ဗျိုင်းနားဘုရင်က ထီးတော်မိုးကိုဆက်မေး
တယ်။မောင်မင်းရောအမှုထမ်းတာဘယ်လောက်ကြာပြီလဲ တဲ့။ကျွန်တော်မျိုးလည်းမင်းသုံးဆက်တိုင်ပါပြီ
ဘုရားတဲ့။အင်းမောင်မင်းတို့ဒီတာဝန်တွေထမ်းရတာပျင်းနေတော့မယ်။ဒီနေ့ကစပြီးအမတ်ကြီးက ထီးတော်
မိုးလုပ်၊ထီးတော်မိုးက အမတ်ကြီးဖြစ်စေတဲ့။ဒီလိုနဲ့အပြောင်းအလဲလုပ်ပစ်တာ စစ်သူကြီးကဖိနပ်ကိုင်၊ဖိနပ်
ကိုင်ကစစ်သူကြီးဖြစ်။ဘဏ္ဍာစိုးကတံခါးမှူး၊တံခါးမှူးက ဘဏ္ဍာစိုး။ဒီလိုနဲ့ဘဲတိုင်းပြည်ပျက်ပါလေရော။"
" ဒီလိုပါဘဲကွာ---တို့တိုင်းပြည်မှာဒီလိုဗျိုင်းနားဘုရင်လို အစိုးရတက်မလာဖို့၊တို့တွေရဲ့ ဆန္ဒမဲရွှေဗျိုင်းဟာ
တိုင်းပြည်နဲ့ပြည်သူ့အကျိုးကို မှန်မှန်ကန်ကန်စေတနာပါပါဆောင်ရွက်ပေးမဲ့ အစိုးရအမတ်လောင်းတွေကို
နားဖို့လိုတာပေါ့။"
"ဒါတော့မပူပါနဲ့ဖေဖေရယ်။မင်္ဂလာဗျိုင်းဟာ အဟိတ်တိရိစ္ဆာန်မို့ နားချင်ရာနားပေမဲ့ကျွန်တော်တို့ရဲ့မဲတစ်
ပြားကတော့ပြည်သူတွေရဲ့ နှလုံးသား၊အသိတရားတွေရဲ့ထိန်းချုပ်ရွေးချယ်မှုအောက်မှာရှိနေမှာမို့
အမှားကင်းနေပါလိမ့်မယ်"
" မိမိမဲတစ်ပြားနဲ့တိုင်းပြည်ကိုကယ်တင်ပါ။"
ဦးခင်မောင်မြင့်(ရွှေမဟာ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net