ကြိုတင်ဆန္ဒမဲပေးရာတွင် တံဆိပ်တုံးမထုဘဲ အမှန်ခြစ်ပေးသော ကြိုတင်မဲများကို ပယ်မဲဖြစ်မည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
"ကြိုတင်မဲကို ရပ်/ကျေးကော်မရှင်ခွဲရုံးတွေမှာ တံဆိပ်တုံးထုပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို တိုက်ရိုက်ရောက်လာတဲ့ မဲတွေက အမှန်ခြစ်တွေပါ၊ အခုအမှန်ခြစ်တာပဲ ဖြစ်ဖြစ်၊ တံဆိပ်တုံးထုတာပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ မဲရုံမှူးလက်မှတ်တွေပါပြီးသားမို့ ပယ်မဲဖြစ်စရာ အကြောင်းမရှိပါဘူး.."ဟု တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက ပြောသည်။
ကြိုတင်မဲများပေးရာတွင် နိုဝင်ဘာလ (၆)ရက်နေ့တွင် ပေးရန်အကြုံးဝင်သော မဲများမှာ အမှန်ခြစ်များဖြစ်ပြီး၊ အောက်တိုဘာလ (၂၉)ရက်နေ့မှ နိုဝင်ဘာ(၇)ရက်နေ့ထိ ပေးသော ကြိုတင်မဲများမှာ တံဆိပ်တုံးထုရန် ဖြစ်ကြောင်း နှင့် ကြိုတင်မဲပေးမည့်သူများသည် မည့်သည့်ပုံစံ ကြိုတင်မဲပေးခဲ့သည့်ဖြစ်စေ သက်ဆိုင်ရာ မဲရုံမှူးများ၏ လက်မှတ်ပါဝင်ခြင်းကြောင့် ပယ်မဲဖြစ်ရန်အကြောင်းမရှိကြောင်း ၎င်းမှ ပြောကြားသည်။
တာချီလိတ်မြို့နယ်အတွင်း အောက်တိုဘာလ (၂၉)ရက်နေ့မှ နိုဝင်ဘာလ (၂)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးခဲ့သူပေါင်း (၆၀၀)ကျော် ရှိခဲ့ရာ တပ်နယ်မဲဆန္ဒရှင် စုစုပေါင်းမှာ (၄၇၉)ဦးနှင့် ၀န်ထမ်းမဲဆန္ဒရှင်မှာ
(၁၂၃)ဦးတို့ ဖြစ်ကြောင်း သိရသည်။