တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ရေးအရာရှိဟောင်း၊ မိုင်းဖြတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလင်းဇော်ထွန်း နှင့် ခဏတာ တွေ့ဆုံခြင်း

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ရေးအရာရှိဟောင်း၊ မိုင်းဖြတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလင်းဇော်ထွန်း နှင့် ခဏတာ တွေ့ဆုံခြင်း
နိုဝင်ဘာ 3, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် (၉)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ရေး အရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလင်းဇော်ထွန်း နှင့် နိုဝင်ဘာလ(၁)ရက်နေ့က ခဏတာ ဆုံတွေ့စဉ် တာချီလိတ်သတင်းအေဂျင်စီမှ အများသူငှာ သိရှိနိုင်ရန်အတွက် တွေ့ဆုံမေးမြန်းထားသည်ကို တင်ဆက်ပေးလိုက်ပါသည်။

မေး ။ ။ မဲဆန္ဒရှင်တွေကို ဘယ်လို ကတိက၀တ်တွေ ပေးမလဲ။
ဖြေ ။ ။ မိုင်းဖြတ်မြို့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ ကျိုင်းတုံနဲ့ တာချီလိတ်မြို့နယ်တွေထက် ဖွံ့ဖြိုးမှု နောက်ကျတယ်၊ အရွေးချယ်ခံရမယ်ဆိုရင် လာမယ့် (၅)နှစ်အတွင်းမှာ ဒီမြို့နယ်တွေနဲ့ ဖွံ့ဖြိုးမှု ကွာခြားမှု အနည်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။

မေး ။ ။ ဖွံ့ဖြိုးမှု ကွာဟချက်မှာ လူမှုရေးလား၊ စီးပွားရေးလား၊ ပညာရေးလား ဘယ်ဟာ အရင်သွားမယ် ဆုံးဖြတ်ထားလဲ။
ဖြေ ။ ။ အဓိက သွားမှာကတော့ ပညာရေးနဲ့ စီးပွားရေးပါဘဲ၊ ပညာရေးကို အဓိက ထားသွားမှာပါ။ ဒီမြို့နယ်မှာ တိုင်းရင်းသားတွေကြားထဲမှာ ပညာရေးဟာ အလယ်တန်း အဆင့်ကနေ ဆက်မတက်နိုင်တော့ဘူး၊ ဆယ်တန်းလောက်နဲ့ ရပ်သွားတာ တွေ့နေရတယ်။ အထက်တန်းနဲ့ အဆင့်မြင့် ပညာရေးစနစ်ကို ဆက်မသွားနိုင်တာကိုတွေ့ရတယ်၊ ဒါ့ကြောင့် ပညာရေးကို အဓိကထားပြီး လုပ်ပါ့မယ်။ ပညာရေးနောက်က စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာအောင်လည်းလုပ်မှာပါ။

မေး ။ ။ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လို ဖေါ်ဆောင်ပေးမှာလဲ။
ဖြေ ။ ။ ဒီဒေသမှာ သဘာဝ သယံဇာတတွေ အများကြီး ထွက်ပါတယ်၊ သစ်တောထွက်ပစ္စည်းတွေလည်း အများကြီးထွက်တယ်၊ ဒါတွေဟာ မှောင်ခိုလမ်းကြောင်းတွေ မသမာမှုမျိုးစုံနဲ့ နိုင်ငံရပ်ခြားကို ထွက်သွားတယ်၊ ဒါတွေကို ဥပဒေနဲ့အညီ ဒေသခံတွေ ခံစားခွင့်ရှိအောင် အစိုးရ အဆင့်ဆင့် တင်ပြပြီး ဒီဒေသရဲ့ အကျိုးခံစားခွင့်ရှိအောင် ရန်ပုံငွေတွေ ခွဲဝေရရှိအောင် လုပ်ဆောင်သွားမှာပါ။ ဒီဒေသမှာ လာရောက်လုပ်ကိုင်နေတဲ့ သဘာဝ သယံဇာတ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဆီက အခွန်အကောက်တွေ မှန်မှန်ကန်ကန်ရရှိအောင် အုပ်ချုပ်ရေးပိုင်းနဲ့ပူးပေါင်းပြီး မသမာမှုတွေ မရှိအောင် ဆောင်ရွက်သွားမှာပါ။

မေး ။ ။ မဲဆန္ဒနယ်ထဲမှာ အဓိက ယှဉ်ပြိုင်ရမယ့်ပါတီက ဘယ်ပါတီဖြစ်မလဲ။
ဖြေ ။ ။ မဲဆန္ဒနယ်ထဲမှာ ပါတီ(၇)ပါတီ ယှဉ်ပြိုင်မှာပါ၊ အားလုံးကို အလေးဂရုပြုပါတယ်၊ သူတို့တွေရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်၊ သူတို့ရဲ့ ဒေသအပေါ်ပေးတဲ့ ကတိက၀တ်တွေကိုလည်း လေးစားပါတယ်။ ဒါ့ကြောင့် (၇)ပါတီလုံးကို အဓိကထားပြီး ယှဉ်ပြိုင်ရမှာပါ။

မေး ။ ။ မဲဆွယ် စည်းရုံးရေး ကာလမှာ အခက်အခဲတွေများ ရှိမလား။
ဖြေ ။ ။ ကျွန်တော်တို့ပါတီက အသင်းဘ၀ကတည်းက မိုင်းဖြတ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေပြီး ပါတီပြောင်းသွားချိန်မှာလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေလို့ မဲဆွယ်စည်းရုံးရေးမှာ အခက်အခဲမရှိပါဘူး။

မေး ။ ။ ယခင်ကလည်း စစ်မှုထမ်းဖြစ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့ လွှတ်တော်ထဲမှာ (၂၅%) ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေအပေါ် အမြင်လေးပြောပြပါ။
ဖြေ ။ ။ ကျွန်တော်ကိုယ်တိုင် ဒီဒေသမှာ အကြာကြီးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ တိုင်းပြည်ကလည်း ဖွံ့ဖြိုးတိုးတက်ပြီး ပြောင်းလဲနေတယ်၊ ဒါကို လူကြီးတွေကလည်းအမြဲပြောပါတယ်။ ကျွန်တော်တို့တွေ mind set တွေပြင်ရမယ်။ ဒီမိုကရေစီစနစ်သွားတဲ့ အချိန်မှာ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ဖို့ အဲ့ဒီဒေသတွေမှာ အကျွမ်းတ၀င်ရှိတဲ့သူတွေကို ကိုယ့်ဒေသကိုယ် မင်းတို့တွေသွားရောက်ပြီး အရွေးခံလို့ရတယ်လို့ ပြောလိုက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လာရောက် အရွေးခံတာပါ၊ ကျွန်တော်တို့တွေ အားလုံး ပြောင်းလဲနေပါပြီ အချိန်အခါ ကျရင်တော့ ပြောင်းလဲမှာပါ။

မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလင်းဇော်ထွန်းသည် ဗိုလ်ကြီးတာဝန်ဖြင့် အမှတ်(၅၂၅)ခြေမြန်တပ်ရင်းတွင် တပ်စုမှူး ထောက်လှမ်းရေး အရာရှိအဖြစ် ထမ်းဆောင်ခဲ့ပြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး(တတိယတန်း)၊ စစ်ဦးစီးမှူး(ဒုတိယတန်း)၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ တပ်ဖွဲ့မှူးတာဝန်များကို (၉)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင်  ကိုယ်ရံတော် ဗိုလ်မှူးကြီး တာဝန်ကို (၄)နှစ်နီးပါး ထမ်းဆောင်ခဲ့ကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ စစ်ဘက်လက်ထောက် အရာရှိတာဝန်များကိုလည်း (၁)နှစ်ကျော် ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~