တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်(၀န်ထမ်းကုန်း)၊ ကျောင်းထိုင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေ၀တ (ဓမ္မာစရိယ၊ အဘိဓဇအဂ္ဂမဟာဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ)သည် ကျန်းမာရေး မကောင်းသည့် အတွက် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ စီပူးလင်းပုဂ္ဂလိက ဆေးရုံတွင် အောက်တိုဘာလ (၂၈)ရက်နေ့က ဆေးဝါးကုသမှု ခံယူနေလျက်ရှိရာ စေတနာရှင်များမှ ဆေးဝါးကုသမှု စရိတ်အတွက် စုပေါင်းလှူဒါန်းလာကြရာ နိုဝင်ဘာလ(၄)ရက်နေ့အထိ မြန်မာငွေ( ၉၁၄,၅၀၀ )ကျပ်နှင့် ထိုင်းဘတ်ငွေ ( ၁၇၈,၁၁၀ )ဘတ်တို့ ရရှိနေပြီး ဆက်လက်၍လည်း လှူဒါန်းနိုင်ကြောင်း သိရသည်။
ဝန်ထမ်းကုန်းဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ အပါအ၀င် တာချီလိတ်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့မှ စုပေါင်းလှူဒါန်းကြတာဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ လှူဒါန်းလာသည့် ဆေးကုသမှုစရိတ်အလှူငွေများ အားလုံးကို ယနေ့ နိုဝင်ဘာလ(၄)ရက်နေ့တွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ရှမ်း(ရှေ့)မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်တို့မှ ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနေသော တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်း၊ ဆန်ဆိုင်းရပ်ကွက်ရှိ ဘုရင်မစတိုးမှ ဒေါ်မေနှင်းအောင်အား လွှဲပြောင်းအပ်နှံသည်။
ဝန်ထမ်းကုန်း ဆရာတော်ဘုရားကြီးသည် ချင်းရိုင်းမြို့ရှိ စီပူးလင်းပုဂ္ဂလိက ဆေးရုံ၏ အခန်းနံပါတ် VIP C4 တွင် ဆေးကုသမှု ခံယူနေတော်မူလျက်ရှိရာ မည်သူမဆို သွားရောက်ဖူးမျှော်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ကုသိုလ်ယူကာ လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖော်ပြပါ လိပ်စာမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါသည်။
ဘုရင်မ စတိုး
ဒေါ်မေနှင်းအောင်
မြန်မာဖုန်း။ ။ 095242218 ၊
ထိုင်းဖုန်း။ ။ 0817162417
ဆန်ဆိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ တာချီလိတ်မြို့။