ကြိုတင်မဲများနှင့် ပတ်သက်၍ မဲပေးသူများမှာ ပယ်မဲဖြစ်မည်ကို စိုးရိမ်နေ

ကြိုတင်မဲများနှင့် ပတ်သက်၍ မဲပေးသူများမှာ ပယ်မဲဖြစ်မည်ကို စိုးရိမ်နေ
နိုဝင်ဘာ 5, 2015
By Tachileik News Agency

တာချီလိတ်မြို့ရှိ အချို့ ရပ်ကွက်များ၌ ကြိုတင်မဲလက်မှတ်များတွင် မဲရုံမှူးလက်မှတ် မပါခြင်းကြောင့် ဆန္ဒမဲ ပေးသူများ စိုးရိမ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

( ကြိုတင်မဲလက်မှတ်၏ ကျောဘက်ရှိ တာဝန်ရှိသူ၏ လက်မှတ်ပါရှိပုံ )

"ကျွန်တော်တို့ ရွေးကောက်ပွဲနေ့မှာ မဲရုံစောင့်လုပ်ဖို့အတွက် ကြိုတင်ဆန္ဒမဲ လာပေးတာပါ၊ ဆန္ဒမဲပြားတွေ ကြည့်လိုက်တော့ မဲရုံမှူး လက်မှတ်မပါဘူး၊ ရပ်/ကျေးကော်မရှင်ရုံးရဲ့ တံဆိပ်နဲ့ လက်မှတ်တော့ပါတယ်၊ ပယ်မဲဖြစ်မှာကြောက်လို့ မပေးသေးဘူး၊ တာဝန်ရှိသူက အာမခံမှ မဲပေးနိုင်မယ်.."ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရပ်ကွက်ကော်မရှင်ရုံးတွင် ကြိုတင်ဆန္ဒမဲပေးမည့်သူ ကိုနေမျိုးမှ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပြားတွင် မဲရုံမှူးလက်မှတ်ပါဝင်ခြင်း မရှိဘဲ ကြိုတင်မဲပေးမှုများ နိုဝင်ဘာ (၄)ရက်နေ့မှစ တင်ဖြစ်ပေါ်ခဲ့ကြောင်း နှင့် ကြိုတင်ဆန္ဒမဲပေးသူပေါင်း(၂၀)ခန့်မှာ မဲရုံမှူးလက်မှတ်များ ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

"ရွေးကောက်ပွဲ ဥပဒေအရတော့ ကြိုတင်မဲပေါ်မှာ တာဝန်ခံတစ်ဦးဦးရဲ့ တံဆိပ်နဲ့ လက်မှတ်ပါရမယ်လို့ ဆိုထားတယ်၊ မဲရုံမှူးလက်မှတ်တော့ မဆိုထားဘူး၊ တကယ်လို့ ဘာတံဆိပ်ရိုက်ထားတာမှ မပါရင် ဘာလက်မှတ်ထိုးထားတာမှ မပါရင် ပယ်မဲပါ၊ ရပ်/ကျေးကော်မရှင်အဆင့် တာဝန်ရှိသူတွေက ဆန္ဒမဲပေးသူကို နားလည်အောင်ရှင်းပြရမယ်..."ဟု တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက ပြောသည်။

ကြိုတင် ဆန္ဒမဲပေးမှုတွင် ဥပဒေအရ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ တံဆိပ်ဝိုင်းနှင့် တံဆိပ်၊ လက်မှတ်များ ပါဝင်ရမည်ဖြစ်ပြီး ပါဝင်ခြင်း မရှိပါက ပယ်မဲများ ဖြစ်သွားမည်ဖြစ်ပြီး၊ ရပ်/ကျေး ကော်မရှင်အဖွဲ့မှ ကြိုတင်မဲများတွင် တံဆိပ်ရိုက်နှိပ်၍ လက်မှတ်ထိုးထားရမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

"ကြိုတင်မဲတွေက ရပ်/ကျေးမှာ ကောက်ယူတာပါ၊ ဒါကြောင့် မဲရုံမှူးတွေနဲ့ မဆိုင်ဘူး၊ သူတို့ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်ရဲ့ တံဆိပ်နဲ့ လက်မှတ်တွေပါရင်ရပြီး ကြိုတင်မဲလက်မှတ်တွေကို နိုဝင်ဘာ(၈) ရက်နေ့မှ သက်ဆိုင်ရာ မဲရုံမှူးတွေ ဆီအပ်ရမှာဆိုတော့ ကြိုတင်မဲပေးချိန်မှာ မဲရုံမှူး လက်မှတ်တွေ ပါဝင်ဖို့ မလိုပါဘူး၊ ဘာလက်မှတ်တစ်ခုမှ မပါရင်သာ ပြဿနာတတ်မှာပါ"ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်းမှ ပြောသည်။

ကြိုတင်မဲပေးမှုနှင့် ပတ်သက်၍ မဲဆန္ဒရှင်များ နားလည်ရန် သက်ဆိုင်ရာမှ ရှင်းပြရန် လိုအပ်ပြီး ယခုဖြစ်ပေါ်နေသော စိုးရိမ်မှုများမှာ ကြိုတင်ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များ ဗဟုသုတများ လိုအပ်လျှက်ရှိပြီး သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်များမှလည်း မဲဆန္ဒရှင်များအား ရှင်းပြရန် လိုအပ်ကြောင်း နှင့် ကြိုတင်မဲပေးသူများမှ ဝေဖန်ပြောကြားလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~