ရီဂျီးနား ဂေါက်ကွင်းလမ်း တစ်လျှောက် လမ်းမီးများ ထိန်ထိန်လင်းပြီ

ရီဂျီးနား ဂေါက်ကွင်းလမ်း တစ်လျှောက် လမ်းမီးများ ထိန်ထိန်လင်းပြီ
နိုဝင်ဘာ 5, 2015
By Tachileik News Agency

တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းလမ်းရှိ လမ်းမီးတိုင်များ မီးမလင်းသည့် ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းစာမျက်နှာများတွင် ၂၀၁၅ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က ဖော်ပြခဲ့ပြီးနောက် ၂၀၁၅ခုနှစ် နိုဝင်ဘာလ၏ ပထမအပတ်အတွင်း လမ်းမီးများ ထိန်ထိန် လင်းနေပြီဖြစ်ကြောင်း တွေ့မြင်ရသည်။

တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာလ (၂၆)ရက် နံနက်(၁၀)နာရီကျော်က အစည်းအဝေး ပြုလုပ်ပြီးနောက် ရီဂျီးနားဂေါက်ကွင်းသွားလမ်း တစ်လျှောက် မီးလင်းရေးအတွက် ဆွေးနွေး အတည်ပြုခဲ့ကြပြီးကာ ယခုလို လမ်းမီးများကို LED မီးလုံးများဖြင့် ပြောင်းလဲတပ်ဆင်လိုက်တာဖြစ်ကြောင်း သိရသည်။
ထိုသို့ လမ်းမီးများ လင်းရန်အတွက် ရီဂျီးနားဟိုတယ်မှ တာဝန်ရှိသူများက အကုန်အကျခံကာ LED 60W အားရှိ မီးလုံး အလုံး (၆၀)အား ဓါတ်မီးတိုင် အတိုင်(၃၀)တွင် တပ်ဆင်ထားရှိပြီးကြောင်း သိရသည်။

"ဂေါက်ကွင်းလမ်းတစ်လျှောက်ကို လမ်းမီးများ တပ်ဆင်ထားပြီးဖြစ်ပါတယ်၊ ဆက်လက်ပြီးတော့လည်း အမြင့်ပေ (၃၀)၀န်းကျင်ရှိတဲ့ လမ်းမီးတိုင်ကြီး တစ်တိုင်ကိုလည်း လူစည်ကားရာ အရပ်မှာ စိုက်ထူဖို့လည်း အစီအစဉ် ရှိပါသေးတယ်.."ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ယခု လမ်းမီးများ လင်းနေပြီဖြစ်သော အဆိုပါ လမ်းတစ်လျှောက်သည် ယခင်က လမ်းမီးများ မှောင်မဲနေသည့် အတွက် လုယက်မှုများ၊ ရိုက်နှက်မှုများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ လွယ်လွယ်ကူကူ ဖြစ်လွယ်ရှိသော လမ်းဖြစ်သည့်အတွက် လမ်းမီးများ ထိန်ထိန်လင်းလာသောကြောင့် လမ်းသွားလမ်းလာများ ကိုယ်စား ရီဂျီးနား ဂေါက်ကွင်းသွားလမ်းရှိ ဈေးသည်တစ်ဦးက ကျေးဇူးတင်စကားဆိုသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~