၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး၏ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် ပါဝင်နိုင်ရန်အတွက် တိုင်းရင်းသားရေးရာ နေရာများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အတွင်း ၀င်ရောက် ယှဉ်ပြိုင်ထားကြသည့် တိုင်းရင်းသားရေးရာ (၇)နေရာတို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ (၆)နေရာ အားသာမှုရရှိပြီး ကျန်ရှိသည့် တစ်နေရာတွင် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အားသာမှု ရရှိကြောင်း တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာထားသည့် ရလဒ်များအရ သိရသည်။
တိုင်းရင်းသားရေးရာ နေရာများ၌ အာခါတိုင်းရင်းသားရေးရာ နှင့် လားဟူတိုင်းရင်းသား ရေးရာနေရာတို့တွင် တာချီလိတ်မြို့နယ် NLD မှ နှစ်ဦးပါဝင်ပြီး ကျန်ရှိသည့် ကိုယ်စားလှယ်များမှာ ရှမ်း(မြောက်) နှင့် ရှမ်း(တောင်)အပြင် ရှမ်း(ရှေ့)ဖြစ်သည့် ကျိုင်းတုံတို့မှ ပါဝင်ကြောင်း သိရသည်။
တိုင်းရင်းသားရေးရာများ၏ ရမှတ်စုစုပေါင်းကို ပြည်နယ်အစိုးရရုံးတည်စိုက်သည့် တောင်ကြီးမြို့တွင် စုစည်းမှာဖြစ်ပြီး တိုင်းရင်းသားရေးရာများ၏ ရမှတ်များကို ပြည်နယ်ရုံးမှ ထုတ်ပြန်မှသာ သိရှိရမှာဖြစ်ကြောင်း သိရသည်။