တာချီလိတ်မြို့နယ်၌ ကျင်းပခဲ့သော ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တစ်လ(၁)တိတိ တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲ (၅၈)ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်မှ လက်မှတ်ရေးထိုးကာ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့ နိုဝင်ဘာလ (၁၃)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်ရှိ ရွှေဘူးသီးဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အထူးရဲများအား ရွေးကောက်ပွဲ ကာလအတွင်း သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ တာဝန်ကို ကျေပွန်စွာဖြင့် ထမ်းဆောင်ခဲ့ခြင်းကြောင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း မိမိတို့ တတ်နိုင်သည့်ဘက်က ရပ်ရွာအကျိုးကို သယ်ပိုးထမ်းရွက်စေလိုကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ အထူးရဲ (၅၈)ဦးကိုယ်စား အထူးရဲအဖွဲ့မှ ဦးရဲနန္ဒာလင်း အပါအ၀င် အထူးရဲ (၅)ဦးက ဂုဏ်ပြုမှတ်တမ်းလွှာများအား ကိုယ်စား ရယူရာ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးက ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အထူးရဲတပ်ဖွဲ့ဝင်များ ကိုယ်စား အထူးရဲတစ်ဦး ဖြစ်သူ ဦးရဲနန္ဒာလင်းက " ကျွန်တော်တို့ အထူးရဲတွေကို ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေး တာဝန်ထမ်းဆောင်ဖို့အတွက် ၁၅.၁၀.၂၀၁၅ ရက်နေ့ကနေ ၁၃.၁၁.၂၀၁၅ ရက်နေ့အထိ အထူးရဲအဖြစ် (၁)လ တာဝန် ခန့်အပ်ခဲ့ပါတယ်၊ ခန့်အပ်ပြီးတဲ့နောက်မှာ သင်တန်း(၁၀)ရက်ဖွင့်လှစ်ပေးပြီး အထူးရဲများ အနေနဲ့ သိသင့်သိထိုက်တဲ့ သင်ခန်းစာများကို စနစ်တကျ သင်ကြားခဲ့ရပါတယ်၊ ကျွန်တော်တို့ အထူးရဲတွေအနေနဲ့ ယခုလို တစ်တတ်တစ်အား ပါဝင်ပြီး တာဝန်ယူဆောင်ရွက်ပေးခြင်းအပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်မှ ဂုဏ်ပြုပွဲဖြင့် အသိအမှတ်ပြုပေးတဲ့အတွက် ကျွန်တော်တို့ အထူးရဲများအနေနဲ့ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်းနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်.."ဟု ကျေးဇူးတင်စကားပြောကြားသည်။
ရဲချုပ်မှ လက်မှတ်ရေးထိုးကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍"ရဲချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးတဲ့ ဂုဏ်ပြုလွှာမျိုးဟာ သန္ဓေ ရဲတပ်ဖွဲ့ဝင်တွေတောင် ရခဲပါတယ်၊ ဒီလို ဂုဏ်ပြုလွှာမျိုး ရရှိထားတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ ရဲတပ်ဖွဲ့နဲ့ဆိုင်တဲ့ စာမေးပွဲဖြေရင် (၁)မှတ် အလိုလိုနေရင်း ရပြီးသားပါ၊ ဒါကြောင့်မို့ အထူးရဲတွေ အနေနဲ့ ရဲချုပ်လက်မှတ်ထိုးပြီး ပေးတဲ့ ဂုဏ်ပြုလွှာရရှိခြင်းဟာ ၀မ်းမြောက် ဂုဏ်ယူစရာဖြစ်ပါတယ်.."ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးက အခမ်းအနားတွင် ပြောကြားသည်။
၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်တစ်ခုလုံးတွင် အရပ်သားထဲမှ အထူးရဲ(၁၆၅)ဦး ခန့်ထားရာ တာချီလိတ်မြို့နယ်တွင် အထူးရဲ (၅၈)ဦး အပါအ၀င်ဖြစ်ပြီး အဆိုပါ အထူးရဲများသည် မဲရုံ(၁)ရုံတွင် တစ်ဦးနှုန်း တာဝန်ထမ်းဆောင်ခဲ့ကြခြင်း ဖြစ်သည်။