ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် ဒေသခံရွာသားများ ထွက်ပြေးလျှက်ရှိရာ စိုက်ပျိုးထားသော စပါးစိုက်ခင်းများ ရိတ်သိမ်းမည့်သူများ မရှိခြင်းကြောင့် သံဃာတော်များနှင့် SSPP/SSA တပ်ဖွဲ့ဝင်များ ရိတ်သိမ်းပေးလျှက်ရှိကြောင်း ဒေသခံ ကိုစိုင်းစိုင်းမှ ပြောသည်။
"လူတွေအားလုံး ထွက်ပြေးနေတော့ စပါး ရိတ်မဲ့သူမရှိဘူး၊ ဒါကြောင့် သံဃာတော်တွေနဲ့ SSPP/SSA တပ်သားတွေ ကူညီရိတ်သိမ်းပေးနေတာပါ.."ဟု ၎င်းမှပြောသည်။
နိုဝင်ဘာလ (၁၄)ရက်နေ့ နံနက်(၁၀)နာရီ ဒေသခံများနှင့် သံဃာတော်များ၊ SSPP/SSA တပ်သားများ ကောက်ရိတ်သိမ်းချိန်၌ ၀မ်ဆော့ကျေးရွာတောင်ဘက်တွင် ပစ်ခတ်တိုက်ခိုက်မှုမျုားဖြစ်ပွားနေပြီး သေနတ်သံ၊ ဗုံးသံများ ကြားလျှက်ရှိကြောင်း ၎င်းမှဆိုသည်။
နိုဝင်ဘာလအတွင်း တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသားများ စစ်ဘေးဒဏ်သင့်သဖြင့် လားရှိုး၊ မိုင်းရှုးမြို့များဘက်သို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သိရသည်။